မက်ဒရစ် နှစ်သင်းကြောင့် ချန်ပီယံလိဂ် ကွာတားပွဲကို တစ်ညတည်း ကန်ရမယ့် မန်စီးတီးနဲ့ အာဆင်နယ်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်တွေကို မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ဟာ တစ်ညတည်းမှာ အတူတူ ကစားသွားရမယ့် အကြောင်းအရင်း ကတော့ စပိန် ကလပ်၂ သင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေဟာ မတ်လ ၃၁ ရက်နေ့မှာ တွေ့ဆုံမယ့် အရေးကြီးပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး ဥရောပအောင်ပွဲရရှိဖို့အတွက်လည်း ဆက်လက် ယှဉ်ပြိုင်နိုင်ဖို့ ရည်မှန်းထားကြတာဖြစ်ပါတယ်။

လက်ရှိချန်ပီယံတွေဖြစ်တဲ့ မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်နဲ့မှ တွေ့ဆုံနေပြီး အဲဒီပွဲစဉ်က ကမ္ဘာပေါ်က ဘောလုံးပရိသတ်တွေအားလုံး စောင့်ကြည့်ရမယ့်ပွဲတစ်ပွဲဖြစ်လာမှာ ကျိန်းသေသလို အာဆင်နယ်ကလည်း ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံနေတာဖြစ်ပါတယ်။

နှစ်ပွဲစလုံးဟာ ပရိသတ်တွေအတွက် လက်မလွှတ်တမ်း စောင့်ကြည့်ချင်စရာ ပွဲစဉ်တွေဖြစ်လာမယ်လို့ မျှော်မှန်းခြင်းခံထားခဲ့ရတာဖြစ်ပေမယ့်လည်း ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကို ကျင်းပမယ့်နေ့စွဲ အတည်ပြုခဲ့ပြီးနောက် ၂ ပွဲစလုံးကို ကြည့်ရှု ချင်တဲ့ ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ အာဆင်နယ်တို့ ၂ သင်းစလုံးဟာ ဧပြီလ ၉ ရက်နေ့မှာ ပထမအကျော့၊ ဧပြီ ၁၇ မှာ ဒုတိယအကျော့ကို တစ်ညတည်းအတူတူ ကစားသွားမှာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် အသင်းကြီးတွေရဲ့ ပွဲစဉ်တွေကို မတူညီတဲ့နေ့တွေမှာ စီစဉ်လေ့ရှိပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ရော အက်သလက်တီကို မက်ဒရစ်တို့ကြောင့် တစ်ညတည်းမှာ ကစားစေဖို့ စီစဉ်ခဲ့ရတာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က မက်ဒရစ် ၂ သင်းစလုံး အိမ်ကွင်းမှာ တစ်ချိန်တည်းကစားမယ်ဆိုရင် လုံခြုံရေးအရ စိုးရိမ်စရာတွေ ရှိနေ တာကြောင့် ယူအီးအက်ဖ်အေက ပွဲချိန်စာရင်းဆွဲရာမှာ စပိန်အသင်းတွေကို ဦးစားပေးခဲ့ပုံပေါ်ပြီး အာဆင်နယ်နဲ့ စီးတီးတို့ကတော့ တစ်ရက်တည်းမှာ ကစားသွားဖို့ ဖြစ်လာတာဖြစ်ပါတယ်။