အင်္ဂလန်နဲ့ ပွဲ အပြီးမှာ ဝေါ်ကာ ကို အထင်တကြီးနဲ့ ချီးကျူးခဲ့တဲ့ ဘရာဇီး၊ ရီးရဲလ် ကစားသမား ဗင်နီးစီးယပ်စ်
![](https://nanatkhinn.com/wp-content/uploads/2024/03/walker-1-620x315.jpg)
ရီးရဲလ်မက်ဒရစ်နဲ့ ဘရာဇီးလ်တို့ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ်က မန်ချက်စတာ စီးတီးနဲ့ အင်္ဂလန်တို့ရဲ့ ညာနောက်ခံလူ ကိုင်လီ ဝေါ်ကာဟာ သူ့ရဲ့ အခက်ခဲဆုံးပြိုင်ဘက် ဖြစ်ကြောင်း အင်္ဂလန် ဝ-၁ ဘရာဇီးလ် ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
ဝေါ်ကာဟာ စနေနေ့ညက အင်္ဂလန်ကို လက်ရွေးစင်ကစားသမားဘဝ ဒုတိယအကြိမ်အဖြစ် အသင်းခေါင်းဆောင်အနေနဲ့ ဦးဆောင်ခဲ့တာဖြစ်ပြီး အဖွင့် မိနစ် ၂၀ အတွင်းမှာပဲ တံကောက်ကြောဒဏ်ရာရသွားခဲ့တာဖြစ်ပါတယ်။
ဝေါ်ကာဟာ ဒဏ်ရာနဲ့ ဆက်ကစားဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ အက်စတန် ဗီလာ နောက်ခံလူ ခွန်ဆာနဲ့ လူစားလဲခံခဲ့ရတာဖြစ်ပြီး အသက် ၃၃ နှစ်အရွယ်နောက်ခံလူဟာ မန်စီးတီးအတွက် ဒီရာသီမှာ အလွန်အရေးပါတဲ့ကစားသမားဖြစ်ပါတယ်။
ဝေါ်ကာက စောစောစီးစီး ကွင်းထဲကနေ ထွက်ခွာခဲ့ရတဲ့အပေါ်မှာ အလွန်စိတ်ပျက်မိကြောင်းနဲ့ ဒဏ်ရာမပြင်းထန်ဘဲ မကြာမီအချိန်အတွင်း ပြန်လာနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဝေါ်ကာရဲ့ ဒဏ်ရာရရှိသွားခဲ့မှုကို ပြိုင်ဘက်အသင်းက ကစားသမားအချို့ကလည်း စိတ်မကောင်းဖြစ်ခဲ့ကြပြီး ပွဲအပြီးမှာ ဗင်နီးစီးယပ်စ်က အင်္ဂလန်နောက်ခံလူ စောစောစီးစီး ကွင်းထဲကနေ ထွက်သွားခဲ့ရတဲ့အပေါ် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
“အဲဒီကိစ္စကြောင့် အရမ်းဝမ်းနည်းရပါတယ်။ အချိန်တိုင်းမှာ ကစားသမားတွေ ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ရ တိုင်း အရမ်းဝမ်းနည်းမိတယ်။ ကစားသမားတွေတင်မဟုတ်ဘဲ ကွင်းထဲမှာရှိနေတဲ့ ကျွန်တော်တို့ အားလုံးအတွက်ကို ပြောတာပါ။ ကျွန်တော်တို့ အကောင်းဆုံးကစားသမားနဲ့ ရင်ဆိုင်ကစားချင်ပါတယ်။
ဝေါ်ကာက ကျွန်တော် အမြဲတမ်းပြောခဲ့သလိုပဲ သူက ကျွန်တော် ရင်ဆိုင်ဖူးသမျှထဲမှာ အကောင်းဆုံးနောက်ခံလူပါ။ အရမ်းကို ကောင်းတဲ့ တစ်ဦးချင်းတိုက်ပွဲ အမြဲတမ်းဖြစ်ခဲ့ပါတယ်။
သူကလည်း ကျွန်တော့်ကို အများကြီး လေးစားမှုရှိပြီး သူ့ကိုလည်း အရမ်းလေးစားမှုရှိပါတယ်။ ကမ္ဘာပေါ်က နောက်ခံကစားသမားတစ်ဦးချင်းစီက သူတို့အသင်းအတွက် ကြီးမားတဲ့စိတ်ဆန္ဒနဲ့ ခုခံတဲ့သူတွေပါ”လို့ ပြောကြားခဲ့ပါတယ်။
သူတို့နှစ်ဦးရဲ့ ထိပ်တိုက် တွေ့ဆုံမှုက အတော်လေး အကြိတ်အနယ် ရှိပြီး ဗင်နီးစီးယပ်စ်က ဝေါ်ကာကို ကျော်ဖြတ်နိုင်တဲ့ အချိန်တွေ ရှိခဲ့သလို ဝေါ်ကာက ဗင်နီးစီးယပ်စ်ကို တားဆီးနိုင်ခဲ့တဲ့ အချိန်တွေလည်း ရှိပါတယ်။