ဒီအပတ် အီတီဟက်မှာ ကန်မယ့် မန်စီးတီး – အာဆင်နယ်ပွဲမှာ ဘယ်အသင်းကို နိုင်စေချင်သလဲ ကာရေဂါ ဖော်ထုတ်

ဒီအပတ် လာမယ့် တနင်္ဂနွေနေ့ မန်စီးတီး နဲ့ အာဆင်နယ် တို့ အီတီဟတ်မှာ ထိပ်တိုက်တွေ့မယ့် ပရီးမီးယားလိဂ် ပွဲမှာ လီဗာပူးအသင်းက ဘယ်အသင်း အနိုင်ရဖို့ ဆုတောင်းနေမလဲ ဆိုတာကို ဂျင်မီ ကာရေဂါ က ထုတ်ဖော် ပြောပါတယ်။

စီးတီး၊ အာဆင်နယ်၊ လီဗာပူးတို့ ထိပ်ဆုံး ၃ သင်းဟာ ရာသီသိမ်း ပန်းဝင်ခါနီးမှာ ဇယားထိပ် ပထမ နေရာမှာ ရှိနေဖို့ အတော်လေး အားထုတ်လာကြကာ ရလဒ်ကောင်းတွေ ဆက်တိုက် ယူလာနိုင်ကြပါတယ်။

ဒီတစ်ကြိမ် ထိပ်သီး ၂ သင်းကြား တွေ့ဆုံချိန် လီဗာပူးအသင်း ကြားထဲက အမြတ်ထုတ်နိုင်ဖို့ ကြိုးစားရတော့မှာပါ။

သရေကလည်း ကောင်းမွန်တဲ့ ရလဒ်ဖြစ်ပေမယ့် အနိုင်ရမယ်ဆိုရင် အာဆင်နယ်ကို အနိုင်ရစေချင်တယ်လို့ လီဗာပူး နောက်ခံ လူဟောင်း ကာရေဂါက ဆိုပါတယ်။

” အာဆင်နယ် အသင်း ထိပ်ဆုံးမှာ ရှိနေတယ်ဆိုပေမယ့် လီဗာပူးအသင်းကတော့ ဒီပွဲမှာ အာဆင်နယ်က မန်စီးတီးကို အနိုင်ရတာ မြင်ချင်ပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ စီးတီးရဲ့ ရာသီသိမ်း ပွဲစဉ် ၅ ပွဲ၊ ၆ ပွဲလောက်မှာ သူတို့က ရနိုင်တဲ့ အမြင့်ဆုံး အမှတ်တွေကို ရသွားနိုင်လို့ပါ။ နောက်အပတ်တွေမှာ မန်စီးတီးအသင်း ရမှတ်တွေ မလျော့ဘူးဆိုရင် သူတို့ကို ရပ်တန့်ဖို့က သိပ်ကို ခက်ခဲသွားပါလိမ့်မယ်။

အကယ်လို့ စီးတီးက အာဆင်နယ်ကို အနိုင်ရလိုက်ရင် ဂွာဒီယိုလာရဲ့ အသင်းက ဖလားအောင်မြင်ဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်လာလိမ့်မယ်လို့ ကျနော်တော့ မြင်ပါတယ်။

ကျနော်ကတော့ ရာသီသိမ်းခါနီး ၅ ပွဲ ၆ ပွဲအလိုမှာ အာဆင်နယ်နဲ့ လီဗာပူးက စီးတီးကို ၃ မှတ် ဒါမှမဟုတ် ၄ မှတ် ဖြတ်ထားနိုင်ဖို့ လိုမယ် ထင်ပါတယ်။ ” လို့ ကာရေဂါက သုံးသပ် မှတ်ချက်ပေးခဲ့တာပါ။

လက်ရှိမှာ အာဆင်နယ်နဲ့ လီဗာပူးကြား ဂိုးကွာဟချက်ပဲ ရှိထားတာ ဖြစ်သလို မန်စီးတီးကလည်း သူတို့ နှစ်သင်းနောက် ၁ မှတ်အကွာနဲ့ ဖိအားပေးနေတာ ဖြစ်ပါတယ်။