အချက်တစ်ချက် ပိုင်ရင် မန်စီးတီးကို အာဆင်နယ် နိုင်တယ် လို့ နည်းပေးလမ်းပြ လုပ်သွားတဲ့ ဂယ်ရီနဗီးလ်

လာမယ့် တနင်္ဂနွေနေ့ မှာတော့ အီတီဟတ်ကွင်းမှာ မန်စီးတီးနဲ့ အာဆင်နယ်တို့ ပရီးမီးယားလိဂ် ပွဲကောင်း တစ်ပွဲ ဆင်နွှဲကြတော့မှာ ဖြစ်ပါတယ်။

ဒီနှစ်သင်းဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၁ နဲ့ အဆင့် ၃ နေရာတွေမှာ ရှိနေပေမယ့် သူတို့ကြား ကွာဟချက်က ၁ မှတ်ပဲ ရှိတာမို့ ပရီးမီးယားလိဂ်ဖလား နေရာအတွက် အရေးပါတဲ့ ပွဲစဉ်လည်း ဖြစ်လာပါလိမ့်မယ်။

ဒီပွဲဟာ အိမ်ရှင် မန်စီးတီးတို့ အနိုင်ရမယ် ပိုမို ရေပန်းစားပေမယ့် အာဆင်နယ်ကလည်း လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ပုံစံ အကောင်းဆုံး အသင်းဖြစ်ပါတယ်။ ဒါကြောင့်ပဲ စိတ်လှုပ်ရှားစရာ ပွဲကောင်း ဖြစ်လာဦးမှာပါ။

သရဲနီဟောင်းကြီး ဂယ်ရီနဗီး ကတော့ ဒီပွဲမှာ အာဆင်နယ် ဘက်ကနေ စီးတီးအသင်းသား တစ်ဦးကိုသာ အပိုင်ကပ် ထိန်းထားနိုင်ရင် ပွဲပြတ်ပြီ လို့ အပိုင်နိုင်ကွက်ကို ထောက်ပြသွားခဲ့ပါတယ်။

” အာဆင်နယ်အသင်း ဘယ်ကစားသမားကို လူကပ်ထားရမယ်ဆိုတာ သိလား? ရိုဒရီပဲပေါ့ဗျာ။ တစ်ယောက်ယောက်နဲ့ သူ့ကို အပိုင်ကပ်ထားရမယ်။

ရိုဒရီ ဘောလုံးကို မရအောင်ကို ဟန့်တားထားရမယ်။ ရိုဒရီကို ရပ်တန့်နိုင်ရင် မန်စီးတီး တစ်သင်းလုံးကို ရပ်တန့်နိုင်ပါပြီ။

ရိုဒရီကို ရပ်တန့်အောင် လုပ်နိုင်ရင် မန်စီးတီးရဲ့ အစိတ်အပိုင်း အများကြီးကို ရပ်တန့်အောင် လုပ်နိုင်တာပါပဲ။ ဒီအသင်းအပေါ် သူ့ရဲ့ လွှမ်းမိုးမှုက သိပ်ကြီးမားပါတယ်။ သူက အရာအားလုံးကို အတူတကွ ကစားနိုင်ဖို့ လိုက်လံ ချိတ်ဆက်ပေးနေသူပါ ” လို့ ဖြစ်ပါတယ်။