မန်စီးတီး – အာဆင်နယ်ပွဲကို ကိုင်မယ့် ဒိုင်လူကြီးနဲ့ ၎င်းရဲ့ မှတ်တမ်းများ၊ ဒိုင်ဘက်မလိုက်ဖို့ မျှော်လင့်တယ် ဆိုတဲ့ ဂန်းနားများ

ဒီတပတ် အီတီဟတ်မှာ ကန်မယ့် မန်စီးတီးနဲ့ အာဆင်နယ်နဲ့ ပွဲကို ဒိုင်လူကြီး အန်သိုနီ တေလာ က ကိုင်တွယ်မယ်လို့ ပရီးမီးယားလိဂ်က အတည်ပြု ကြေညာသွားပါတယ်။ VAR ဒိုင် အဖြစ်တော့ Jarred Gillett က တာဝန်ယူမှာ ဖြစ်ပါတယ်။

ဒိုင်လူကြီး အန်သိုနီ တေလာ ဟာ သူ့ ဒိုင်သက်တမ်း တလျောက် အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ် ပွဲ ၄၃ ပွဲ ကို တာဝန်ယူခဲ့ဖူးပြီး ဂန်းနားတို့ ၂၄ ပွဲ နိုင်ထားပါတယ်။ ရှုံးပွဲကတော့ ၈ ပွဲ ရှိပြီး သရေ ၁၁ ပွဲ ကြုံထားဖူးပါတယ်။

အင်္ဂလိပ် ဒိုင်လူကြီး အန်သိုနီ တေလာ ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂန်းနားတို့ရဲ့ လီဗာပူး၊ မန်ချက်စတာ ယူနိုက်တက်တို့ နိုင်ပွဲမှာ ပါဝင် ကိုင်တွယ်ထားသူပါ။ အဲဒီပွဲတွေမှာ အဝါကတ် စုစုပေါင်း ၈ ကတ်ထိ ပြသခဲ့ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာ အချက်ကတော့ တေလာဟာ မန်စီးတီးရဲ့ ပရီးမီးယားလိဂ် ပွဲ ၃၃ ပွဲ ကို ကိုင်တွယ်ဖူးပြီး ဒီပွဲတွေထဲမှာ စီးတီးက ၁၈ ပွဲ နိုင်ဖူးပါတယ်။

အာဆင်နယ် ပရိသတ်တွေကတော့ ဒီတပတ် ပွဲဟာ အီတီဟတ် ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် ဒိုင်လူကြီး တေလာ အနေနဲ့ အိမ်ရှင် စီတီဇင် တို့ကို မျက်နှာသာပေးတဲ့ ဆုံးဖြတ်ချက်တွေ မချဖို့ မျှော်လင့်ကြောင်း လူမှုကွန်ယက်ကနေ ပြောဆိုနေကြပါတယ်။