ဥရောပ အသင်းကြီးတွေ ချိန်နေတဲ့ ဆယ်ကျော်သက် အမေရိကန် ကြယ်ပွင့်လေးကို အပီချုပ် ခေါ်နိုင်တော့မယ့် မန်စီးတီး

မန်ချက်စတာ စီးတီးအသင်းဟာ လက်ရှိမှာလည်း ကစားသမားကောင်းတွေနဲ့ အင်အားကောင်းပေမယ့် အသင်းရဲ့ အနာဂတ်အတွက်ကိုလည်း လူငယ် ကြယ်ပွင့်လေးတွေနဲ့ ထပ်မံ တည်ဆောက်သွားဖို့ပါ အကောင်းဆုံး စီစဉ်နေပါတယ်။

မန်စီးတီးအသင်းဟာ ဆယ်ကျော်သက် အမေရိကန် ကြယ်ပွင့်ကစားသမားလေး ကာဗန် ဆူလီဗန်ကို အသင်းဆီ ခေါ်ယူ အားဖြည့်သွားဖို့ ဒီတလောမှာ အလွန် နီးစပ်လျက် ရှိနေပြီဖြစ်ပါတယ်။

အသက် (၁၄)နှစ်သာ ရှိသေးသလို လူကောင်လည်း ခပ်သေးသေးသာ ရှိနေသေးပေမယ့်လည်း ဘောလုံးအလိမ်အခေါက် စွမ်းရည် အလွန်ကောင်းမွန်သလို ပြိုင်ဘက်ကစားသမားတွေကို သေချာ ကျော်ဖြတ်နိုင်တဲ့ ဆူလီဗန်ကို ဥရောပ ကလပ်အသင်းတွေက အတော်လေး စိတ်ဝင်စားလာကြပါတယ်။

လက်ရှိမှာတော့ ဆူလီဗန်ကို ခေါ်ယူဖို့ မန်စီးတီးအသင်းက အခြေအနေ အကောင်းဆုံး ဖြစ်လို့နေရပြီး အပြောင်းအရွှေ့အတွက် သဘောတူညီမှုလည်း ရရှိထားသလို မကြာခင်မှာပဲ လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိနေတယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားပါသေးတယ်။

ဆူလီဗန်လေးဟာ ကွင်းလယ်တိုက်စစ် နောက်ချန်တိုက်စစ်နဲ့ ဘယ်တောင်ပံနေရာတွေအထိပါ လိုက်ပါ ကစားနိုင်သူဖြစ်ပြီး မတ်လ (၂၅)ရက်နေ့ကလည်း သူရဲ့ကလပ် ဖီလာဒဲလ်ဖီးယားအသင်းအတွက် စတင် ကစားခွင့် ရရှိရင်း သွင်းဂိုးတစ်ဂိုးကိုပါ ဖန်တီးပေးသွားခဲ့ပါသေးတယ်။

အသက်ငယ်ငယ်လေးနဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်နိုင်ခဲ့တဲ့ ဆူလီဗန်ဟာ မကြာခင်မှာတော့ မန်စီးတီးလို ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းဆီ ပြောင်းရွှေ့နိုင်တော့မှာဖြစ်လို့ ဒီကစားသမားလေးရဲ့ အနာဂတ်ဟာလည်း ထွန်းလင်း တောက်ပလာမှာ သေချာနေပါတယ်။