တရားမဝင် လုပ်ငန်းတွေအတွက် ပြင်ပနိုင်ငံ ၂၅ ထက်မနည်းမှ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံထဲ ဝင်ရောက်ခဲ့
မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းဟုခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်ဖို့ ပြည်ပနိုင်ငံပေါင်း ၂၅နိုင်ငံထက်မနည်းက နိုင်ငံခြားသားတွေ ဝင်ရောက်ခဲ့တယ်လို့ ISP-Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရှမ်းမြောက်ဒေသ တရုတ်နယ်စပ်ကနေ တောင်ဘက်ပိုင်း ထိုင်းနယ်စပ်အထိ ကျားဖြန့်နှိမ်နင်းမှုတွေနဲ့ဆက်စပ်ပြီး ISP-Myanmar က စာရင်းအချက်အလက်တွေကို ဖော်ပြထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ဆိုက်ရောက်နိုင်ငံ(Destination)အဖြစ် ဝင်ရောက်တဲ့အခါ တိုက်ရိုက်ဖြစ်စေ၊ ထိုင်း၊ မလေးရှား၊ လာအိုနဲ့ ယူအေအီး စတဲ့ ကြားခံနိုင်ငံတွေကတစ်ဆင့် ဝင်ရောက်ကြတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် တရုတ်-မြန်မာ နယ်စပ်တလျှောက် မူဆယ်၊ လားရှိုး၊ လောက်ကိုင်၊ ပန်ဆန်း၊ မိုင်းပေါက်၊ မိုင်းလား၊ ကျိုင်းတုံ စတဲ့ မြို့ပေါင်း ၇မြို့မှာ ကျားဖြန့်လုပ်ငန်းပေါင်း ၃၅ခုထက်မနည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ စစ်ဆင်ရေးမတိုင်မီ လောက်ကိုင်တစ်မြို့တည်းမှာ ကျားဖြန့်လုပ်ငန်းပေါင်း ၁၅ခုထက်မနည်း ရှိခဲ့တယ်လို့ ISP-Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အလားတူ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကို၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီးနဲ့ ကော့သောင်း စတဲ့မြို့တွေမှာ လုပ်ငန်းပေါင်း ၅၀နီးပါးရှိနေတယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း ထိုင်းနဲ့ မြန်မာက ပူးပေါင်းပြီး တောင်ပိုင်းက တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းများနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို အရေးယူနိုင်ဖို့ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။