အာဆင်နယ်နဲ့ ပွဲမတိုင်ခင် ဒဏ်ရာ ရ ကစားသမား ၇ ယောက်ထိ တိုးလာပြီး ခေါင်းခဲနေရတဲ့ မန်စီးတီးအသင်း

မတ်လ နိုင်ငံတကာ သီတင်းပတ် ကာလာ နိုင်ငံလက်ရွေးစင်အသင်းအတွက် ကစားပေးချိန်မှာ ဒဏ်ရာတွေ ရသွားကြတဲ့အတွက် မန်စီးတီး ကစားသမားတွေဖြစ်တဲ့ ဂျွန်စတုန်း၊ ဝေါ်လ်ကာနဲ့ အာကန်ဂျီတို့ဟာ အာဆင်နယ် နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲကို မပါနိုင်လောက်ဘူးလို့ သိရပါတယ်။

ဒါကြောင့် မန်စီးတီး ဟာ အာဆင်နယ်နဲ့ ကစားမယ့် အရေးကြီးပွဲစဉ်အတွက် အဓိက ဦးစားပေး ကစားသမား ၇ ယောက်လောက်ကို ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။

မန်စီးတီးရဲ့ အဓိက ကစားသမား တွေဖြစ်တဲ့ ဂိုးသမား အီဒါဆင်၊ တိုက်စစ်မှူး ဂရီလစ်ရှ်၊ ကွင်းလယ်လူ ဒီဘရိုင်းနားတို့အပြင် ပေါ်တူဂီရဲ့ မားသီးယပ်စ် နူနက်စ်တို့ဟာ ဒဏ်ရာတွေ အသီးသီး ရှိနေခဲ့ကြပြီးဖြစ်ပါတယ်။

အင်္ဂလန် ကြယ်ပွင့်ဖြစ်တဲ့ ဝေါ်လ်ကာဟာ ဘရာဇီးကို ၁-၀ ဂိုးနဲ့ ရှုံးတဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရသွားခဲ့တာဖြစ်ပြီး အာဆင်နယ်နဲ့ပွဲအတွက် အချိန်မီ ပြန်မကောင်းနိုင်ဘူးလို့ သိရပါတယ်။

ဒါ့အပြင် အဓိက နောက်ခံလူတွေဖြစ်တဲ့ အာကန်ဂျီနဲ့ ဂျွန်စတုန်းတို့ကလည်း သက်ဆိုင်ရာ နိုင်ငံအသင်းတွေအတွက် ကစားပေးရင်း ဒဏ်ရာတွေ ရခဲ့ကြတာပါ။

ဒါကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်နဲ့ ရင်ဆိုင်မယ့်ပွဲဟာ နည်းပြ ဂွါဒီယိုလာအတွက်တော့ တကယ့်ကို ခေါင်းခဲစရာ ဖြစ်လာတော့မှာပါ။

စီးတီးရဲ့ အဓိကကွင်း လယ်လူဖြစ်တဲ့ ဒီဘရိုင်းဟာ ပေါင်ခြံဒဏ်ရာ ရှိနေတာကြောင့် သူနာပြုတွေရဲ့ အနီးကပ် စောင့်ရှောက်မှုကို ခံနေရသူဖြစ်ပါတယ်။

ဒါပေမဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က လုပ်ခဲ့တဲ့ မန်စီးတီး ယူ-၂၃ အသင်း လေ့ကျင့်ရေးအစီအစဉ်မှာတော့ လေ့ကျင့် ခန်းဝင်ပြီး လုပ်ခဲ့တာကို တွေ့ရပါတယ်။

တောင်ပံကစားသမားဖြစ်တဲ့ ဂရီလစ်ရှ်နဲ့ အီဒါဆင်တို့ကလည်း ဒဏ်ရာ ပြန်ပြီး သက်သာလာဖို့ အစွမ်းကုန် ကြိုးစားနေကြပြီး နည်းပြ ဂွါဒီယိုလာကတော့ ဒီကစားသမား ၂ ယောက်အတွက် အကောင်းမြင်နေတာမျိုး ရှိပါတယ်။

နည်းပြ ဂွါဒီယိုလာကတော့ ပြီးခဲ့တဲ့ နိုင်ငံတကာ သီတင်းပတ်ထဲမှာ မွေးရပ်မြေဖြစ်တဲ့ စပိန်ကို ပြန်သွားပြီး ဘာစီလိုနာမြို့မှာ အနားယူခဲ့ပြီးတဲ့နောက် အခုကြာသပတေးနေ့မှာတော့ မန်ချက်စတာမြို့ကို ပြန်လာပြီး အာဆင်နယ်နဲ့ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်တော့မှာ ဖြစ်ပါတယ်။