မြန်မာနိုင်ငံသားတွေကြောင့် ထိုင်းလုပ်ငန်းရှင်တွေ အကျိုးဖြစ်နေကြောင်း အမှုဆောင်အရာရှိချုပ် ထုတ်ပြော
ဘတ်ငွေ ၂ သန်းကနေ ၄ သန်းကြား ပေါက်ဈေးရှိတဲ့ ဘန်ကောက်မြို့တွင်းက ကွန်ဒိုတိုက်ခန်းတွေကို ငွေကြေးတက်နိုင်တဲ့ မြန်မာနိုင်ငံသားတွေ ဝယ်ယူစုဆောင်းလာကြလို့ ပြီးခဲ့တဲ့နှစ်ထက် ရောင်းအားနှစ်ဆ ပိုများလာကြောင်း အိမ်ခြံမြေစီမံခန့်ခွဲမှုကုမ္ပဏီ Sen X က ယခု ၂၀၂၄ ခုနှစ် မတ်လ သီတင်းပတ် ဗီဒီယာတွေ့ဆုံမှုအတွင်းမှာပဲ ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒေသတွင်း မတည်ငြိမ်မှုနဲ့ ပထဝီနိုင်ငံရေး တင်းမာမှုတွေကြောင့် ချမ်းသာကြွယ်ဝတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံမှာ ခိုလှုံဖို့ တွန်းအားဖြစ်စေခဲ့ကြောင်း Sen X ရဲ့ အမှုဆောင်အရာရှိချုပ် Suphin Mechuchep က ဆိုပါတယ်။
ရမ်းခန်းဟဲန်တက္ကသိုလ်နဲ့ Assumption University (ABAC) တို့မှာ ကောလိပ်တက်နေတဲ့ သူတို့ရဲ့ သားသမီးများအတွက် ရမ်းခန်းဟဲန် နဲ့ ဘန်းန တို့လို့ ဧရိယာတွေမှာ မြန်မာနိုင်ငံသားအများအပြားက ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူနေကြတာပါ။
ကိုဗစ်-၁၉ မတိုင်ခင်နဲ့ ကိုဗစ်ကာလအတွင်းမှာ ထိုင်းနိုင်ငံက ကွန်ဒိုတိုက်ခန်းတွေကို ထိပ်တန်းနိုင်ငံခြားသား ဝယ်သူတွေက တရုတ်၊ ထိုင်ဝမ်နဲ့ ဟောင်ကောင်ကပါ။
ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကစလို့ မြန်မာနိုင်ငံသားတွေရဲ့ လိုအပ်ချက်က ပိုများလာခဲ့ပြီး အဲ့ဒါက ထိပ်တန်းဝယ်ယူသူ ၃ ဦးထဲ ရောက်ရှိစေခဲ့တယ်လို့ Suphin Mechuchep က ပြောပါတယ်။
ဝယ်လိုအားမြင့်တက်လာခြင်းကြောင့် အခြားသော ဖောက်သည်ဝယ်လက်တွေထံ ကွန်ဒိုတိုက်ခန်းတွေ ရောင်းချဖို့ အခက်တွေနေတဲ့ ထိုင်းအိမ်ခြံမြေလုပ်ငန်းရှင်တွေအတွက် ကောင်းကျိုးတစ်ခုဖြစ်ကြောင်း Suphin က ထောက်ပြပါတယ်။
ထိုင်းနိုင်ငံကို ရွှေ့ပြောင်းဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဦးတည်ရာလမ်းကြောင်းက အချိန်တိုအတွင်းမှာ ပြီးဆုံးသွားမှာ မဟုတ်ဘူးဆိုတာကိုလည်း Suphin တို့လို အိမ်ခြံမြေလုပ်ငန်းရှင်တွေက ယုံကြည်နေပါတယ်။