ဒီအပတ် အာဆင်နယ်ကို ရှုံးရင် မန်စီးတီးအသင်း ပရီးမီးယားလိဂ် ဖလား မေ့လိုက်လို့ ရပြီ ပြောလာတဲ့ တိုက်စစ်မှုးဟောင်း

ဒီအပတ် အာဆင်နယ်နဲ့ပွဲမှာ ရှုံးပွဲတွေ့မယ်ဆိုရင် မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံ မျှော်လင့်ချက် အဆုံးသတ် သွားမှာ ဖြစ်တယ်လို့ ပရီးမီးယားလိဂ် တိုက်စစ်မှုးဟောင်းကြီး ခရစ်ဆက်တန် က ခန့်မှန်းသုံးသပ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ စံချိန်တင်အဖြစ် ၄ ရာသီဆက်တိုက် ဗိုလ်စွဲဖို့ ပစ်မှတ်ထားနေတဲ့ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ လာမဲ့တနင်္ဂနွေနေ့ကျရင် ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအဖြစ် အာဆင်နယ်ကို အစ်တီဟတ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

အခုလောလောဆယ် အာဆင်နယ်အသင်းက ၆၄ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး လက်ရှိချန်ပီယံ မန်စီးတီးကတော့ ၆၃ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

ပထမအကျော့ အီမရိတ်စ်မှာတုန်းက ၁-၀ ဂိုးနဲ့ရှုံးခဲ့တဲ့ မန်စီးတီးအသင်းဟာ လာမဲ့ပွဲမှာသာ အာဆင်နယ်ကို ထပ်ရှုံးမယ်ဆိုရင် ၄ မှတ်အထိ ကွာဟသွားမှာဖြစ်သလို ၂၀၀၇-၀၈ နောက်ပိုင်း ပထမဆုံးအဖြစ် တစ်ရာသီအတွင်း အာဆင်နယ်ကို ပရီးမီးယားလိဂ်မှာ နှစ်ကျော့စလုံးရှုံးနိမ့်တဲ့ မှတ်တမ်းဆိုး ပိုင်ဆိုင်သွားမှာဖြစ်ပါတယ်။

Daily Mail သတင်းစာ မှာ ခရစ္စဆပ်တန်က “ဒီရာသီ အဆင့် ၅ အတွင်းအသင်းတွေနဲ့ မန်စီးတီးတို့ ဆုံတွေ့မှုမှတ်တမ်းကို ပြန်ကြည့်ရင် မန်စီးတီးအသင်းဟာ စုစုပေါင်း ၃ မှတ်သာ ရရှိခဲ့ပါတယ်။”

“အာဆင်နယ်အသင်းက ၈ မှတ်အထိရယူနိုင်ခဲ့သလို လီဗာပူးလ်ဆိုရင်လည်း ၆ မှတ် ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ မန်စီးတီးတို့ အရှိန်တင်ရမဲ့ အချိန်ရောက်လာပါပြီ။ တကယ်လို့ အာဆင်နယ်ကိုသာ ရှုံးမယ်ဆိုရင် မန်စီးတီးရဲ့ ချန်ပီယံမျှော်လင့်ချက်က အဆုံးသတ်သွားမှာဖြစ်ပါတယ်”ဆိုပြီး ပြောကြားခဲ့ပါတယ်။

ခရစ်ဆက်တန်ပြောခဲ့သလိုပဲ မန်စီးတီးအသင်းဟာ လက်ရှိ အဆင့် ၅ အတွင်းရပ်တည်နေတဲ့ အသင်းတွေနဲ့ ဆုံတွေ့တဲ့ပွဲတွေမှာ အံ့အားသင့်စရာကောင်းအောင် တစ်ပွဲမှအနိုင်မရဘဲ လီဗာပူးလ်နဲ့ နှစ်ကျော့စလုံး ၁-၁ ဂိုး၊ စပါးအသင်းနဲ့ ၃-၃ ဂိုးစီသရေကျပြီး အာဆင်နယ်၊ အက်စတွန်ဗီလာတို့ကို ၁-၀ ဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။