ပထမဆုံး One ပွဲစဉ်မှာပဲ ကိုယ့်ထက် အရပ် ၅ လက်မ ပိုမြင့်တဲ့ ဂျပန်ဖိုက်တာကို အလဲထိုးဖြင့် အနိုင်ယူတဲ့ မိုးထက်အောင် (ထိုးပွဲ ဗီဒီယိုဖိုင် ပါဝင်ပါတယ်)

ယနေ့ မတ်လ (၂၉) ရက် ညတွင် ကျင်းပသည့် One Friday Fight ပွဲစဉ်တွင် မြန်မာဖိုက်တာ မိုးထက်အောင်ဟာ ပြိုင်ဖက်ဖိုက်တာကို အလဲထိုး အနိုင်ယူကာ သူ့ရဲ့ ပထမဆုံးသော One Championship ပွဲစဉ်တွင်ပဲ နိုင်ပွဲရခဲ့ပါတယ်။

မိုးထက်အောင်ကတော့ သူ့လိုပဲ One မှာ ပထမဆုံးစထိုးတဲ့ ဂျပန်နိုင်ငံသား Tomoya Maruyama နဲ့ ရင်ဆိုင်တွေ့ဆုံခဲ့ပါတယ်။ ဝမ်ချိုင်းရဲ့ တပည့်ကျော် ပြည်တွင်းမှာ ကစားပေါက်ကောင်းတယ်ဆိုပြီး နာမည်ကျော်တဲ့ မိုးထက်အောင်အဖို့ အဖွင့်လှပခဲ့ပါပြီ။

ပြိုင်ဘက်ဂျပန်ဖိုက်တာ Tomoya Maruyama က အရပ် ၅ လက်မပိုမြင့်သလို ပထမအချီတွင် အသာစီးဖြင့် ထိုးနိုင်ခဲ့ပါတယ်။ ဒုတိအချီမှာလည်း ဂျပန်ဖိုက်တာကပဲ ဒူးတွေ တရစပ်သုံးခဲ့လို့ မိုးထက်အောင် အခက်တွေ့ခဲ့ပါတယ်။

မြန်မာဖိုက်တာတွေရဲ့ ထုံးစံ မလိုအပ်ဘဲ မာဂုဏ်တွေ ပြနေတာကလည်း မိုးထက်အောင်ကို အမှတ်တွေလျော့စေခဲ့ပါတယ်။ တတိယအချီမှာတော့ မိုးထက်အောင်ရဲ့ ဘယ်ညာ လက်သီးတွဲတွေ Maruyama ကို အထိနာစေခဲ့သလို မြန်ဆန်အားပါတဲ့ ညာလက်သီးက ဂျပန်ဖိုက်တာရဲ့ မေးရိုးကို မိမိရရ ထိုးခဲ့ချိန်မှာ မဟန်နိုင်တော့တာကြောင့် ဒိုင်က မိုးထက်အောင်ကို အနိုင်ပေးခဲ့ပါတယ်။

ဒီပွဲအနိုင်ရခြင်းကြောင့် မိုးထက်အောင်ဟာ မြန်မာကရင်ဖိုက်တာတွေ မခေဘူးဆိုတာ ထပ်မံ သက်သေပြလိုက်နိုင်တာပါပဲ။ သူဟာ One ထိုးကြေးအပြင် ဘောနပ်ဆုကြေး ဘတ်(၃) သိန်းခွဲကိုပါ ထိုက်ထိုက်တန်တန် ရရှိသွားပြီ ဖြစ်ပါတယ်။