စီးတီးနဲ့ ပွဲက အာဆင်နယ် အတွက် သက်သေပြရမယ့် စမ်းသပ်မှု တစ်ခု လို့ ဒီကလန်ရိုက်စ် ကြွေးကြော်

အာဆင်နယ်အသင်း ကွင်းလယ် ကစားသမား ဒီကလန် ရိုက်စ် က ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်စွမ်းရှိတယ်ဆိုတာ သက်သေပြချင်ရင် လာမယ့်တနင်္ဂနွေနေ့မှာ မန်စီးတီးကို အနိုင်ကစားသွားဖို့ လိုအပ်တယ် လို့ ယုံကြည်နေပါတယ်။

ဒါကတော့ လက်ရှိအချိန်မှာ ဂန်းနားတွေက မန်စီးတီးထက် သာလွန်တယ်ဆိုတာ သက်သေပြရမယ် ဆိုတဲ့ ဒီကလန်ရိုက်စ်ရဲ့ အမြင်ဖြစ်ပါတယ်။

မြောက်လန်ဒန်သားတွေက မတ်လနိုင်ငံတကာသီတင်းပတ်အပြီး အဖွင့်ပွဲစဉ်အဖြစ် အီတီဟတ်ကွင်းမှာ ပြီးခဲ့တဲ့ရာသီ ဖလားသုံးလုံး ပိုင်ရှင်တွေနဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။

ဒီကလန်ရိုက်စ်က “တကယ့်ကို ခက်ခဲမယ့် အီတီဟတ်ကွင်းဆီ ကျွန်တော်တို့ သွားရောက်ရပါမယ်။ အာဆင်နယ်အသင်းအနေဖြင့် ချန်ပီယံဆုနဲ့ထိုက်တန်ကြောင်း သက်သေပြချင်တယ်ဆိုရင် အခုလိုပွဲစဉ်မျိုးကို အနိုင်ကစားသွားရပါမယ်။

ကျွန်တော်တို့က အကောင်းဆုံး အသင်းတွေထဲမှာပါဝင်တဲ့ အသင်းတစ်ခုဖြစ်တယ်ဆိုတာ သက်သေပြဖို့ အခုလိုမာကျောမှုနဲ့ စရိုက်လက္ခဏာကို ပြသသွားရန် လိုအပ်ပါတယ်။

လက်ရှိအချိန်မှာ မန်စီးတီးက ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းဖြစ်တယ်ဆိုတာ သံသယဖြစ်စရာတောင် မလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တု့ိလည်း ရလဒ်ကောင်း တစ်ခုရယူနိုင်တယ်ဆိုတာ နည်းပြနဲ့အတူ အသင်းကပါ ယုံကြည်မှုအပြည့်ရှိနေပါတယ်”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

စီးတီး အတွက်တော့ အာဆင်နယ်နဲ့ ပွဲမှာ ဝေါ်ကာနဲ့ ဂျွန်စတုန်းစ် မပါနိုင်တာကြောင့် ထိုးနှက်ချက်ကြီး ကြုံနေရပြီး ကစားသမား ၇ ယောက်ထိ ဒဏ်ရာ ရသူ တိုးနေတာကြောင့် နည်းပြ ပက်လည်း ခေါင်းခဲနေရပြီ ဖြစ်ပါတယ်။