ပြည်တွင်းဆေးဝါးစျေးကွက်ထဲမှာ Air – x ဆေးအတုများ ဝင်ရောက်နေ

ပြည်တွင်း၌ လူအများသုံးစွဲနေသည့် အစာကြေလေဆေး Air – x ဆေးအတုများ ဈေးကွက်အတွင်း ရောက်ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA မှ သိရသည်။

FDA မှ ဈေးကွက်အတွင်းရှိ ဆေးဝါးများကို စစ်ဆေးကြည့်ရာတွင် အရည်အသွေး၊ အာနိသင် ဘေးအန္တရာယ် အာမခံချက် မရှိသည့် ဆေးဝါးမှတ်ပုံတင် မရှိသော ဆေးဝါးများကို တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဓါတ်ပုံနှင့်တကွ လူမှုကွန်ရက်တွင် ဖော်ပြထားကြောင်း သိရသည်။

ဆေးဝါးအတုဟု ယူဆရနိုင်သည့် Air – x ဆေးများသည် FDA ထောက်ခံချက် မပါရှိဘဲ ဆေးဗူးပေါ်တွင် အင်္ဂလိပ် – မြန်မာ နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားပြီး ဆေးကဒ် အရေအတွက် ဖော်ပြပုံလဲ တူညီမှုမရှိဘဲ Air – x ဆေးကဒ်အစစ်သည် ဆေးဗူးခွံပေါ်တွင် အင်္ဂလိပ်စာ တစ်မျိုးထဲသာ ရိုက်နှိပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

တရားဝင်တင်သွင်းထားသည့် Air -x ဆေးဗူးပေါ်တွင် အင်္ဂလိပ်စာအပြင် မြန်မာစာဖြင့်ပါ ဆေးအညွှန်းကို ဖော်ပြထားသော်လည်း တရားမဝင်တင်သွင်းလာသည့် ဆေးဘူးများတွင် မြန်မာစာဖြင့် ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

“ဆေးအတုတော့ ပြောလို့မရဘူးပေါ့။ FDA ထောက်ခံချက် မရတဲ့ဆေးမျိုး ဖြစ်နေလို့ ဆေးအတုလို့ ပြောတာဖြစ်မယ်။ အခုမှမဟုတ်ဘူး ဟိုးအရင်ထဲက တစ်ခြားဆေးတွေလဲ FDA ထောက်ခံချက်မရှိဘဲ သွင်းနေကြတာ။ ကျန်တာတော့ မသိဘူး ” ဟု လက်ရှိ ဆေးဝါးရောင်းချနေသူတစ်ဦးက မှတ်ချက်ပေးထားပါသည်။