အီတီဟက်က စီးတီး – အာဆင်နယ်တို့ရဲ့ သရေပွဲ အပြီးမှာ ဘယ်သူ အမြတ်ထွက်သွားသလဲ

မနေ့က တနင်္ဂနွေနေ့ည ၁၀ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ပွဲစဉ်ဟာ နှစ်ဖက်စလုံး အပိုင် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့ ဂိုးမရှိ သရေနဲ့သာ ပြီးဆုံးသွားခဲ့ပါတယ်။

နှစ်သင်းစလုံးက High Pressing အားသန်တဲ့အသင်းတွေဖြစ်ကြပေမဲ့ အမှားတစ်ချက်လုပ်တာနဲ့ ပေးဆပ်မှု ကြီးမားသွားနိုင်တဲ့ ဒီလိုပွဲမျိုးမှာတော့ တိုက်စစ်ကစားဖို့ထက် အမှားမရှိရေးကိုပဲ အဓိက ဦးတည်ကစားခဲ့ကြပါတယ်။

အဲဒါကြောင့်ပဲ တစ်ပွဲလုံးမှ နှစ်သင်းပေါင်း ဂိုးပေါက်တည့်မှု ၃ ကြိမ်(မန်စီးတီး – ၁၊ အာဆင်နယ် -၂)သာရှိခဲ့ပြီး မန်စီးတီးဆိုရင် ပထမပိုင်း ၁၅ မိနစ်မှာ အကီရဲ့အနီးကပ်ခေါင်းတိုက်ချက်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှတောင် မရှိခဲ့ပါဘူး။

ပထမပိုင်းမှာ အိမ်ရှင် စီးတီး က ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း ဂိုးပေါက်ခြိမ်းခြောက်မှု အနည်းငယ်သာ ပြုလုပ်နိုင်ခဲ့ပြီး အာဆင်နယ် ဘက်ကလည်း ထိရောက်တဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း မန်စီးတီးတို့ကပဲ ပိုမိုကောင်းမွန်တဲ့ ကစားပုံနဲ့ ဖိအားပေးနိုင်ခဲ့ပေမယ့်လည်း အာဆင်နယ်ရဲ့ မာကျောတဲ့ ခံစစ်ကို ထိုးဖောက်ဖို့ ရုန်းကန်ခဲ့ရပြီး ၈၆ မိနစ်မှာ ထရော့ဆာ့ဒ် အခွင့်အရေးကောင်းရခဲ့ပေမယ့်လည်း မန်စီးတီးနောက်ခံလူတွေ ထောင့်စေ့အောင် ပိတ်ဆို့ထားတာကြောင့် ဘယ်ခြေနဲ့ ကြုံသလို ကန်ခဲ့ရပြီး အော်တေဂါက အလွယ်တကူပဲ ကာကွယ်နိုင်ခဲ့ပါတယ်။

မန်စီးတီးနဲ့ အာဆင်နယ်တို့ ဂိုးမရှိ သရေကျခဲ့တာကြောင့် အကြီးကြီး အမြတ်ထွက်သွားတာကတော့ အစောပိုင်းမှာ ဘရိုက်တန်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ လီဗာပူးလ် ဖြစ်ခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ အာဆင်နယ်နဲ့ ၂ မှတ်အကွာ၊ မန်စီးတီးနဲ့ ၃ မှတ်အကွာမှာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။