ပရီးမီးယားလိဂ် သမိုင်းမှာ တခါမှ မကြုံဖူးသေးတဲ့ ချန်ပီယံလုပွဲ Play off ပွဲစဉ် မန်စီးတီးအသင်း ကစားရတော့မှာလား

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက်မှာ တစ်ခါမှ မဖြစ်ဖူးတဲ့ ချန်ပီယံဆုအတွက် အသင်းနှစ်သင်း Play off ပွဲပိုကစားရတဲ့အဖြစ်မျိုး ဒီရာသီမှာ ပေါ်ပေါက်လာမဲ့ အနေအထားရှိနေပါပြီ။
အခုလောလောဆယ် ပွဲစဉ် ၃၀ အပြီးမှာ လီဗာပူးလ်အသင်းက ၆၇ မှတ်နဲ့ ဇယားထိပ်ကို ဦးဆောင်နေပြီး အာဆင်နယ် က ၆၅ မှတ်နဲ့ အဆင့် ၂ ၊ လက်ရှိချန်ပီယံ မန်စီးတီးအသင်းက ၆၄ မှတ်နဲ့ အဆင့် ၃ နေရာတွေမှာ ရပ်တည်နေပါတယ်။
၂၀၂၃-၂၄ ပရီးမီးယားလိဂ်ရာသီပိတ်ပွဲတွေကို မေလ ၁၉ ရက်ကျရင် တစ်ရက်တည်း၊ တစ်ချိန်တည်းကစားသွားမှာဖြစ်ပြီး လက်ရှိအနေအထားအရ ၃၈ ပွဲပြီးတာတောင် ချန်ပီယံ ဘယ်အသင်းဖြစ်မလဲဆိုတာ အဖြေထွက်နိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါပဲ။
ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အပြိုင်ဖြစ်နေကြတဲ့ ၃ သင်းထဲက ၂ သင်းဟာ ပွဲစဉ် ၃၈ ပြီးရင်တောင် ချန်ပီယံဆု အဆုံးအဖြတ်အဖြစ် Play off ပွဲ ထပ်ကစားရနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီထဲမှာ အာဆင်နယ်တော့ မပါနိုင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ အာဆင်နယ်အသင်းဟာ မန်စီးတီး၊ လီဗာပူးလ်တို့နဲ့ Head To Head ဆုံတွေ့မှုမှာ အသာရခဲ့ပြီး မန်စီးတီးကို အိမ်ကွင်းမှာ ၁-၀ ဂိုးနဲ့နိုင်၊ အဝေးကွင်းမှာ ၁-၁ သရေကျခဲ့သလို လီဗာပူးလ်ကို အဝေးကွင်းမှာ ၁-၁ ၊ အိမ်ကွင်းမှာ ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
အဲဒါကြောင့် ပရီးမီးယားလိဂ်က သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရ အာဆင်နယ်အသင်းဟာ မန်စီးတီး ဒါမှမဟုတ် လီဗာပူးလ်နဲ့ ရမှတ်၊ ဂိုး ကွာခြားချက်အပါအဝင် တခြားသတ်မှတ်ချက်တွေအားလုံး တူညီနေရင်တောင် Head To Head သာနေလို့ Play off ကစားဖို့ မလိုဘဲ ချန်ပီယံဖြစ်မှာပါ။
ပရီးမီးယားလိဂ်ရဲ့စည်းကမ်းချက်တွေထဲမှာ တကယ်လို့ အသင်းနှစ်သင်းဟာ ရမှတ်ချင်းတူညီနေရင်၊ ဂိုးကွာခြားချက်လည်း တူညီနေမယ်ဆိုရင် သွင်းဂိုးပိုများတဲ့အသင်းက ဗိုလ်စွဲမှာဖြစ်ပြီး သွင်းဂိုးအရေအတွက်ချင်း တူညီနေဦးမယ်ဆိုရင်တော့ အဲဒီနှစ်သင်း Head To Head ဆုံတွေ့မှုမှာ အမှတ်အများဆုံးရတဲ့အသင်းက ချန်ပီယံဆုရရှိမှာဖြစ်ပါတယ်။
Head To Head ရလဒ်မှာလည်း တူညီနေမယ်ဆိုရင် အဲဒီနှစ်သင်း ဆုံတွေ့တဲ့ ၂ ပွဲမှာ အဝေးကွင်းသွင်းဂိုး ပိုများတဲ့အသင်းကို ချန်ပီယံအဖြစ် သတ်မှတ်မှာဖြစ်ပြီး အဝေးကွင်းသွင်းဂိုးနဲ့လည်း မဆုံးဖြတ်နိုင်ဘူးဆိုရင် အဲဒီနှစ်သင်းဟာ ကြားကွင်းမှာ Play off ပွဲကစားပြီးတော့ ချန်ပီယံဆုအတွက် အဆုံးအဖြတ်ခံယူရမှာပါ။
လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းက ရဂိုး ၆၇ ဂိုး၊ ပေးဂိုး ၂၇ ဂိုး၊ ဂိုးကွာခြားချက် + ၄၀ ရရှိထားပြီး မန်စီးတီးအသင်းကတော့ ၆၃ ဂိုးသွင်း၊ ပေးဂိုး ၂၈ ဂိုး၊ ဂိုးကွာခြားချက် +၃၅ ဖြစ်နေသလို ဒီနှစ်သင်းဟာ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး ၁-၁ ဂိုးစီ သရေကျခဲ့ပါတယ်။ အဲဒါကြောင့် ချန်ပီယံဆုအတွက် Play off ကစားပြီး အဆုံးအဖြတ်ခံယူရမယ်ဆိုရင် လီဗာပူးလ်နဲ့မန်စီးတီးတို့ပဲ ဆုံတွေ့နိုင်ခြေရှိနေပါတယ်။
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ Play off ကစားပြီး ချန်ပီယံဆုအတွက် အဆုံးအဖြတ်ခံရတာမျိုး တစ်ကြိမ်မှ မရှိခဲ့ဖူးဘဲ အထူးခြားဆုံးဖြစ်ခဲ့တာက ၂၀၁၁-၁၂ ရာသီမှာ မန်စီးတီးနဲ့မန်ချက်စတာယူနိုက်တက်တို့ ၃၈ ပွဲကစားပြီးချိန်မှာ ၈၉ မှတ်ချင်း တူညီပေမဲ့ ဂိုးကွာခြားချက်အရ မန်စီးတီးအသင်း ချန်ပီယံဖြစ်ခဲ့တာပဲ ရှိခဲ့ဖူးပါတယ်။