ကြောက်ကြောက်နဲ့ ခံစစ်ပိတ်ကစားခဲ့တဲ့ အာတီတာကို ရှယ်ဟားခဲ့ကြတဲ့ စီးတီးပရိသတ်များ
အီတီဟတ်က ဂိုးမရှိသရေပွဲမှာ အာဆင်နယ်အသင်းက တိုက်စစ်ဆင်ဖို့ထက် ရှုံးမှာကြောက်ပြီး သရေတစ်မှတ်အတွက် ဦးတည်ကစားသွားတဲ့ ပုံစံကို စီးတီးပရိသတ်တွေ ဟားတိုက်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ရာသီတွေမှာ ဖလားလုဘက် မန်စီးတီးနဲ့ လီဗာပူး ယှဉ်ပြိုင်ကစားရင် မြိုင်ဆိုင်ကြသလို တိုက်စစ်အသားပေး အရသာမျိုး မမြင်ခဲ့ရပါဘူး။ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးပွဲဖြစ်ရမယ့် ပွဲစဉ်ဟာ ပျင်းရိဖို့ကောင်းလွန်းတယ်လို့ ဘောလုံးပရိသတ်တွေက ဝေဖန်ခဲ့ကြတာပါ။
ဒီပွဲအပြီး မန်စီးတီးက ဇယားထိပ်က လီဗာပူးနဲ့ ၃ မှတ်ကွာနေသလို အာဆင်နယ်နဲ့လည်း ၁ မှတ်အကွာ တတိယနေရာမှာ ဆက်ရှိနေပါတယ်။
ပွဲအပြီး မန်စီးတီးပရိသတ်တွေက ” ဒီပွဲမှာ မြင်ခဲ့ရတဲ့ အဝါကတ် နှစ်ကြိမ်လုံးက အာဆင်နယ်အသင်း အချိန်ဆွဲလို့ ပေးခံရတာပါ။ အာတီတာရဲ့ ပွဲချဉ်းကပ်ပုံကတော့ ဟားတိုက်စရာပါပဲ။ ”
” ရလဒ်ထက်စာရင် အာဆင်နယ် ကစားခဲ့တဲ့ ပုံစံကို ပိုပြီး စိတ်ပျက်မိပါတယ်။ ပရီးမီးယားလိဂ် ဖိုင်နယ်လို့ ပြောရမယ့် ဒီပွဲက ဒီရာသီရဲ့ အကောင်းဆုံးပွဲစဉ် ဖြစ်ရမှာပါ။ ဒါပေမယ့် ၁၁ ယောက်လုံး ခံစစ်ပိတ်တဲ့ အသင်းမျိုးကိုပဲ ရင်ဆိုင်ခဲ့ရပါတယ်။ ”
” ဒီပွဲရဲ့ ပွဲချိန် အများစုမှာ အာဆင်နယ်က ၁၁ ယောက်လုံး ခံစစ်မှာထားပြီး သရေတစ်မှတ်အတွက် အထိုင်ချကစားသွားတာပါ။ ”
” အာတီတာက မော်ရင်ညို လက်သစ်တစ်ယောက်ပဲ။ အာဆင်နယ်နဲ့ ရင်ဆိုင်ကစားရတဲ့ ၂ ပွဲလုံးက ဒီရာသီရဲ့ အဆိုးရွားဆုံးပွဲ ၂ ပွဲပဲ။ ”
” ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုထဲ ပါဝင်နေသေးတယ် ဆိုပေမယ့် နိုင်ငံတကာသီတင်းပတ်က ပုံစံကောင်းတွေကို သတ်လိုက်သလိုဖြစ်သွားခဲ့တယ်။ ” စသဖြင့် ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။