ရှက်တတ်ရင် ကင်မရာရှေ့ကနေ ၁ လလောက်ပျောက်သွားစေမယ့် စကားမျိုးဖြင့် ရွိုင်ကိန်းကို ဂွာဒီယိုလာ တုန့်ပြန်
မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာ တနင်္ဂနွေနေ့တုန်းက အာဆင်နယ်နှင့် ဂိုးမရှိသရေကျတဲ့ပွဲ အပြီးတွင် ရွိုင်ကိန်းရဲ့ ဝေဖန်မှုခံခဲ့ရပြီးနောက် တိုက်စစ်မှူးအာလင်းဟာလန်းကို ကာကွယ်ပြောကြားလာပါတယ်။
ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းက အာလင်းဟာလန်းရဲ့ သာမန်ကစားပုံမှာ အလွန်ညံ့ဖျင်းကြောင်းနှင့် လိဂ် ၂ ကစားသမားအဆင့်သာ ရှိကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။
ရွိုင်ကိန်းရဲ့ မှတ်ချက်နှင့်ပတ်သက်ပြီး မေးမြန်းခံလာရချိန်မှာတော့ ဂွါဒီယိုလာက “ကျုပ်ကတော့ သူ ပြောတာ လက်မခံဘူး။ လုံးဝပဲ”လို့ ပြောကြားလာပါတယ်။
ဟာလန်းဟာ ပြီးခဲ့တဲ ရာသီတုန်းက ပြိုင်ပွဲအရပ်ရပ်တွင် ၅၂ ဂိုးသွင်းခဲ့သလို ယခုရာသီတွင်လည်း ပရီးမီးယားလိဂ်တွင် ၁၈ ဂိုးအပါအဝင် ၂၉ ဂိုးသွင်းထားနိုင်ပါတယ်။
ဆက်လက်ပြီး ဂွာဒီယိုလာက ‘ ကစားသမားဟောင်း တစ်ယောက်ထံက ဒီလို မှတ်ချက်စကား ကြားရတာကို ကျနော် အံ့ဩမိတယ်။ သူပြောတာကို ကျနော် သဘောမတူပါဘူး။
သူပြောသလိုဆို သူကိုယ်တိုင် (ရွိုင်ကိန်း) ဟာ မန်နေဂျာတစ်ယောက်အဖြစ် ဒုတိယနဲ့ တတိယတန်းစား လိဂ်တွေမှာ နည်းပြဖို့ အဆင့်ရှိတဲ့သူလို့ ကျနော် ပြောလို့ရနေတာပဲ။ အခုချိန်မှာ ဝေဖန်ရေးသမားတွေက ကစားသမားတွေကိုပဲ အပြစ်တွေ ပုံချနေကြတယ်။
အခွင့်အရေး လွဲချော်တာက သူတို့လို ကစားသမားဟောင်းတွေလည်း လွဲဖူးတာပဲ။ သူတို့ကို အရင် ကစားသမားကြီးတွေ ဝေဖန်ရင်လည်း သူတို့ နာကြမှာပါပဲ ’ လို့ တုန့်ပြန်သွားတာ ဖြစ်ပါတယ်။