ဟာလန်း မဟုတ်တဲ့ ဂိုးတွေသွင်းဖို့ မွေးဖွားလာသူ မန်စီးတီး အသင်းသားကို ဂွာဒီယိုလာ ချီးကျူး

မန်ချက်စတာ စီးတီးက ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် အမှတ်တွေ လိုအပ်နေတဲ့ အက်စ်တွန်ဗီလာကို အိမ်ကွင်း အီတီဟတ်မှာ ဧည့်ခံ ကစားပြီး ၄-၁ ရလဒ်ဖြင့် အနိုင်ရခဲ့ရပါတယ်။
ဒီပွဲမှာ စီးတီးနည်းပြချုပ် ဂွာဒီယိုလာက အသင်းရဲ့ ဂိုးသွင်းစက် ဟာလန်းနဲ့ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းတို့ကို အရန်ခုံမှာသာ ထားခဲ့ပြီး အယ်လ်ဗာရက်ဇ်ကို ဖိုဒန်၊ ဘာနာဒို ဆေးလ်ဗား၊ ဂရီးလစ်ရှ်၊ ဒိုကူတို့ဖြင့် ပွဲထုတ်ခဲ့ပါတယ်။
မန်ချက်စတာ စီးတီး ၄-၁ ဗီလာ ပွဲစဉ်မှာ ဖိုဒန်က အထူး ခြေစွမ်းပြ ကစားသွားခဲ့ပြီး ဖိုဒန်ဟာ စီးတီးအတွက် အနိုင် ၃မှတ် သေချာစေမယ့် အနိုင်ဂိုး ၃ဂိုးစလုံးကို သွင်းယူပေးခဲ့တာ ဖြစ်ကာ ဂွာဒီယိုလာကတော့ ဖိုဒန်ရဲ့ သွေးကြောထဲမှာ သွင်းဂိုးတွေ စီးဆင်းနေတယ်လို့ တင်စား ချီးကျူးခဲ့ပါတယ်။
ဂွာဒီယိုလာက “ ဖိုဒန်က အလယ်ကြောမှာ ကစားခွင့် ရတိုင်း သွင်းဂိုးတွေယူနိုင်စွမ်း ရှိပါတယ်။ ကစားကွက်ရဲ့ အလယ်ဗဟိုမှာ ကစားခွင့်ရတိုင်း သူက သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ ရလေ့ ရှိပါတယ်။
ဖိုဒန်က သူ လုပ်ချင်သမျှ အရာအားလုံးကို လုပ်ဆောင်နိုင်စွမ်း ရှိသူပါ။ သူက ထိပ်တန်း ကစားသမား တယောက်လို့ ထင်ပါတယ်။ သူက ဝေဖန်မှုတွေကိုလည်း လက်ခံတတ်ပါတယ်။
ဖီးလ်က ပါရမီရှင်ပါ။ သူက အလယ်ဗဟိုမှာ ကစားခွင့် ရတိုင်း ထူးခြားတဲ့ အရည်အသွေးတွေကို ပြသနိုင်ပါတယ်။ သူ့ရဲ့ သွေးကြောထဲမှာ သွင်းဂိုးတွေ စီးဆင်းနေတာပါ။ ကျွန်တော်တို့က သူ့ကို ကောင်းကောင်း သုံးဖို့ပဲ လိုပါတယ်” ဆိုပြီး ဖိုဒန်ကို တခုတ်တရ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။