မြန်မာ့စျေးကွက်ထဲမှာ အခြေမလှဖြစ်နေဆဲ EV ကားများ

မြန်မာနိုင်ငံအတွင်း EV ကား တင်သွင်းမှုတွေဟာ အချိန်ကာလတစ်ခု ရောက်ရှိလာပေမယ့် လျှပ်စစ်မီး ပုံမှန်မရရှိတာကြောင့် ဝယ်ယူသုံးစွဲမှုနှုန်း နည်းပါးနေဆဲပဲ ဖြစ်ပါတယ်။

စက်သုံးဆီ မဝယ်ရခြင်းဆို တဲ့ အားသာချက်ကြောင့် EV ကားတွေအပေါ် လူထုစိတ်ဝင်စားမှု မြင့်တက်ခဲ့ပေမယ့် ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာ လျှပ်စစ်မီး ပုံမှန်မရရှိတာက အဓိက စိန်ခေါ်မှုကြီး ဖြစ်ပါတယ်။

အမြန်လမ်း ဝန်ဆောင်မှုတွေ အပါအဝင် ဖြေလျော့မှုတွေ ပြုလုပ်ပေးထားပေမယ့် လျှပ်စစ်မီးမမှန်တဲ့ အခြေအနေမှာ သုံးစွဲသူတွေအနေနဲ့ EV ကား ရွေးချယ်ဖို့ကို အတော်လေး စဉ်းစားနေကြဆဲဖြစ်ကာ အမှန်တကယ် ဝယ်ယူမှု နည်းပါးနေဆဲလို့ EV တင်သွင်းရောင်းချသူတွေထံက သိရပါတယ်။

EV ကားတွေဟာ စျေးနှုန်းသက်သာမှုကြောင့် နာမည်ကြီးပေမယ့် ပြည်တွင်းဈေးကွက်အတွင်း EV အမျိုးအစား အများအပြားရှိနေပြီး ကျပ်သိန်း ၈၀၀ ကနေ ကျပ်သိန်း ၂၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးအမျိုးမျိုး ရှိနေပါတယ်။

“EV ကားကို နေ့စဉ် လာရောက်စုံစမ်း လေ့လာသူတွေ ရှိနေပါတယ်။ အရောင်းပိုင်းမှာကျတော့ ပိုက်ဆံရှိတဲ့သူတိုင်း မဝယ်နိုင်ဘူး။ မီးပျက်ရင် အိမ်မှာ မီးစက်ထွန်းပြီးနေတဲ့ သူတွေလောက်ဘဲ ဝယ်နိုင်သေးတယ်”လို့ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA) မှ တာဝန်ရှိသူတစ်ဦးက CarsDB ကို ပြောပါတယ်။

လက်ရှိမှာ EV ယာဉ်နှင့် ဆက်စပ်လုပ်ငန်းတွေ လုပ်ကိုင်ဖို့ ကုမ္ပဏီ ၈၀ ကျော်ကို လုပ်ကိုင်ခွင့် ပြုပေးထားပေမယ့် အမှန်တကယ် လုပ်ငန်းလည်ပတ်နေတဲ့ ကုမ္ပဏီ ၃၀ ကျော်ခန့်သာ ရှိနေကြောင်း ဝါရင့်ကားဝယ်ရောင်းလုပ်ကိုင်သူတွေက ပြောပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာလအထိ EV လူစီးမော်တော်ယာဉ်နဲ့ ကုန်တင် (ဝန်ပေါ့) ယာဉ် အစီးရေ ၁၈၈၈ စီး မှတ်ပုံတင်ခွင့်ပြုထားပါတယ်။

အဲ့ဒီအထဲမှာ EV လူစီးမော်တော်ယာဉ် ၁၈၇၇ စီးနဲ့ ကုန်တင်(ဝန်ပေါ့) ယာဉ် ၁၁ စီး ပါဝင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။