ဖိုဒန် ရဲ့ ခြေစွမ်းကိုမှ ဘလွန်းဒီအော ဆု မပေးရင် ဘယ်သူ့ကို ပေးမလို့လဲ လို့ မေးခွန်းထုတ်တဲ့ စီးတီး ပရိသတ်များ

မန်ချက်စတာစီးတီး ပရိသတ်တွေကတော့ အက်စတန် ဗီလာနဲ့ပွဲမှာ တစ်ယောက်တည်းနဲ့ ၃ ဂိုးအထိ သွင်းယူပြီး ဟက်ထရစ်ရခဲ့တဲ့ ဖိုဒန်ကို ဘလွန်းဒီအော ဆု ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

အာလင်း ဟာလန်းနဲ့ ဒီဘရိုင်းနားတို့ ၂ ဦးစလုံးဟာ ဗုဒ္ဓဟူးနေ့ညပွဲမှာ အရန်ခုံပေါ်မှာ အနားပေးခံခဲ့ရပြီး ဖိုဒန်က ပုံမှန် ကစားနေကျ တောင်ပံနေရာမှာ မဟုတ်ဘဲ အလယ်မှာ ဝင်ကစားခဲ့ပြီး ဂိုးတွေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဂျွန် ဒူရန်က ရိုဒရီရဲ့ အဖွင့်ဂိုးကို ချေပခဲ့ပြီးနောက် ဖိုဒနန်က မန်စီးတီးအတွက် အလွတ် တည်ကန်ဘောကနေ ဦးဆောင်ဂိုး ပြန်လည် သွင်းယူပေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ အလွန် ကောင်းမွန်တဲ့ အဆုံးသတ်တွေနဲ့ နောက်ထပ် ဦးဆောင်ဂိုး ၂ ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖိုဒန်ဟာ ဒီရာသီမှာ မန်ချက်စတာ စီးတီးအတွက် သွင်းဂိုး ၂၁ ဂိုးအထိ အထင်ကြီးဖွယ် သွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး ကွင်းထဲကနေ မထွက်ခွာခင် ၁၀ မိနစ် အလိုကတည်းက ပရိသတ်တွေရဲ့ မတ်တပ်ထ လက်ခုပ်တီး ဩဘာပေးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဖိုဒန်ရဲ့ သွင်းဂိုးတွေနဲ့ ဘက်ပေါင်းစုံက စွမ်းဆောင်ရည်တွေကြောင့် မန်စီးတီး ပရိသတ်တွေဟာ မယုံနိုင်ဖြစ်ခဲ့ကြပြီး ပွဲအပြီး လူမှုကွန်ယက်ပေါ်မှာ ဒီလောက်ကောင်းတဲ့ ဖိုဒန်ကို ဘလွန်းဒီအော မပေး ဘယ်သူ့ကို ပေးမှာလဲလို့ ဝိုင်းဝန်းတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။