ဗီလာနဲ့ ပွဲမှာ ဟာလန်းနဲ့ ဒီဘရိုင်း နှစ်ယောက်လုံးကို ချန်လှပ်ခဲ့တာနဲ့ပတ်သက်ပြီး ဂွါဒီယိုလာ ဖြေရှင်း

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မနေ့ညက အက်စတွန်ဗီလာနဲ့ပွဲမှာ အသင်းရဲ့အဓိက ကစားသမားနှစ်ဦးဖြစ်တဲ့ ဟာလန်း၊ ဒီဘရိုင်း တို့ကို အသုံးမပြုတာနဲ့ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့ပါတယ်။
ဟာလန်းနဲ့ ဒီဘရိုင်း တို့ဟာ ဒီရာသီမှာ နှစ်ဦးပေါင်း သွင်းဂိုး ပါဝင်ပတ်သက်မှုက ဂိုး ၅၀ အထိရှိပြီး အက်စတွန်ဗီလာနဲ့ပွဲထွက်လူစာရင်းမှာ ဂွါဒီယိုလာက သူတို့နှစ်ယောက်စလုံးကို ချန်လှပ်ခဲ့တာကြောင့် ပရိသတ်တွေ အံ့အားသင့်စရာဖြစ်ခဲ့ရပါတယ်။
အဲဒါနဲ့ပတ်သက်လို့ ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ဂွါဒီယိုလာက “နောက် ၂ ရက်ကျရင် နေ့လယ် ၁၂:၃၀(ဗြိတိန်စံတော်ချိန်)လောက်မှာ ကျွန်တော်တို့ ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။
ထိပ်တန်းအသင်းကြီးတိုင်းမှာ ကစားသမားစုဖွဲ့မှု အင်အားတောင့်တင်းသလို အရည်အသွေးမြင့်ကစားသမားအများကြီးရှိကြပြီး ကျွန်တော်တို့အသင်းမှာလည်း ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ အဲဒီအချက်ကြောင့်ပဲ အခုပွဲမှာ ဒီလူစာရင်းနဲ့ ပွဲထုတ်ပြီး တိုက်ပွဲဝင်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။
ဟာလန်းနဲ့ ဒီဘရိုင်း တို့ဟာ ဒဏ်ရာပြဿနာ မရှိပေမဲ့ ဂွါဒီယိုလာက ပွဲထွက် မသုံးခဲ့တဲ့အပြင် လူစားဝင်အဖြစ်တောင် မကစားခိုင်းခဲ့ပါဘူး။
ပွဲအပြီး အင်တာဗျူးမှာလည်း ဂွါဒီယိုလာက “ဒီဘရိုင်းနားနဲ့ဟာလန်းတို့ကို လူစားဝင်ကစားခိုင်းပြီး တခြားကစားသမားတွေကို အနားပေးလိုက်လို့ ရပါတယ်။ ကျွန်တော်တို့ကတော့ ကစားသမားတွေကို ကွင်းထဲထည့်လိုက်တာက တခြားသူတွေ အနားရဖို့အတွက် မဟုတ်ဘဲ နိုင်ပွဲရဖို့ပဲ အဓိက ဦးတည်တာဖြစ်ပါတယ်။”
“ဒါပေမဲ့ လွန်ခဲ့တဲ့ ၃ ရက်လောက်က အာဆင်နယ်နဲ့ပွဲကျပ်ကစားခဲ့ရတာကြောင့် အခု အက်စတွန်ဗီလာနဲ့ပွဲမှာ အင်တိုက် အားတိုက် ကစားနိုင်မဲ့သူတွေ လိုအပ်သလို ပွဲစဉ်ဇယားအခြေအနေအရ အဓိက ကစားသမားတချို့ကို အနားပေးဖို့ ဆုံးဖြတ်ခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။
ဒီဘရိုင်း၊ ဟာလန်းတို့ မပါဝင်ပေမဲ့ မန်စီးတီးအသင်းက ဖိုဒန်ရဲ့ဟက်ထရစ်နဲ့အတူ အက်စတွန်ဗီလာကို ၄-၁ ဂိုးနဲ့အနိုင်ရခဲ့ ပါတယ်။
အသက် ၂၃ နှစ်သာရှိသေးသူ ဖိုဒန်ဟာ ပရီးမီးယားလိဂ်မှာ ၃ ကြိမ်မြောက် ဟက်ထရစ်သွင်းယူခဲ့တာကြောင့် ရော်ဘီဖောင်လာ(၇ကြိမ်)၊ အိုဝင်(၇ကြိမ်)၊ ဟယ်ရီကိန်း(၆ကြိမ်)၊ ဟာလန်း(၅ကြိမ်)တို့ပြီးရင် အသက် ၂၄ နှစ်မပြည့်ခင် ပရီးမီးယားလိဂ် ဟက်ထရစ်အများဆုံးသွင်းယူနိုင်တဲ့ ကစားသမားစာရင်းမှာ ပဉ္စမမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒ့ါအပြင် ဖိုဒန်ဟာ ပရီးမီးယားလိဂ် ဂန္ထဝင်တွေ ဖြစ်ကြတဲ့ စီရော်နယ်လ်ဒို၊ ဒရော့ဘာ၊ လမ်းပတ်တို့ရဲ့ ဟက်ထရစ် အကြိမ် အရေအတွက်ကို အမှီ လိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။