ပြင်းထန်တဲ့ အပူလှိုင်းဖြတ်ချိန်မှာ ဘယ်လိုနေထိုင်သင့်လဲ

ဒီရက်ပိုင်းမှာ Southeast Asia နိုင်ငံ အကုန်လုံး အပူလှိုင်းဖြတ်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေအရ နွေရာသီဆိုတာ အတော်ကို ပူနေပြီးသားပါ။ ဒီအချိန်မှာ အပူလှိုင်းဖြတ်တယ်ဆိုတော့ ကိုယ့်ကိုယ်ကိုယ် အရမ်းဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ ဒါကြောင့် အပူလှိုင်းဖြတ်ချိန်မှာ ဘယ်လိုနေထိုင်ရမလဲဆိုတာကို ဖော်ပြသွားပါမယ်။

Heat Stroke မဖြစ်အောင် ကာကွယ်ရမယ့် နည်းလမ်းများ

၁။ ရေဓာတ်ပြည့်ဝအောင်နေပါ။

ရေမဆာနေရင်တောင်မှ ရေများများသောက်ပေးပါ။ ရေဆိုတဲ့နေရာမှာလည်း ရေခဲရေထက် ရိုးရိုးရေသောက်ပေးတာ ပိုကောင်းပါတယ်။ Alcohol နဲ့ ကဖင်းဓာတ်ပါဝင်တဲ့ အဖျော်ယမကာတွေ သောက်ခြင်းက ရေပိုငတ်စေတာမို့ အတတ်နိုင်ဆုံးရှောင်ပေးပါ။

၂။ လေဝင်လေထွက်ကောင်းပြီး သက်တောင့်သက်သာရှိတဲ့ အဝတ်အစားဝတ်ပါ။

ချွေးစုပ်ယူနိုင်ပြီး ချောင်ချိတဲ့ ပေါ့ပေါ့ပါးပါးအဝတ်အစားတွေ ဝတ်ပါ။ အဖြူရောင်အဝတ်အစား၊ အရောင်ဖျော့တဲ့အဝတ်အစားတွေ ဝတ်ဆင်ခြင်းက အပူကို စုပ်ယူထားတာမျိုးမရှိတာကြောင့် အပူသက်သာစေပါလိမ့်မယ်။

၃။ အေးတဲ့နေရာမှာ နေပါ။

Air-con ရှိတဲ့နေရာမှာနေပါ။ အအေးကို အနိမ့်ဆုံးထားတာမျိုး မလုပ်ပါနဲ့။ ဒါမှမဟုတ် ပန်ကာဖွင့်ပြီး ပတ်ဝန်းကျင်ကို အေးမြအောင်လုပ်ပါ။ ဒါပေမဲ့ Air-con၊ ပန်ကာလေကို တိုက်ရိုက်ခံတာမျိုးတော့ မလုပ်ပါနဲ့။ Air-con မရှိဘူးဆိုရင် နေ့ဖက်အပူဆုံးအချိန်တွေမှာ စာကြည့်တိုက် ဒါမှမဟုတ် Shopping mall တွေလို ခန်းမကျယ်မျိုးတွေမှာ သွားနေတာမျိုး လုပ်လို့ရပါတယ်။

၄။ အတတ်နိုင်ဆုံး အပြင်မထွက်ဘဲနေပါ။

တစ်နေ့တာရဲ့ အပူဆုံးအချိန်တွေဖြစ်တဲ့ မနက် ၁ဝနာရီမှ ၄ နာရီကြားမှာ မဖြစ်မနေကိစ္စကလွဲပြီး အပြင်မထွက်ပါနဲ့။ အပြင်ထွက်ရပြီဆိုရင်လည်း တတ်နိုင်သမျှ အရိပ်ထဲနေပါ။

၅။ နေရောင်ကာပစ္စည်းတွေ သုံးပါ။

နေလောင်တာကနေ ကာကွယ်နိုင်ဖို့ SPF ပမာဏများတဲ့ Sunscreen လိမ်းပါ။ နေရောင်ကာနိုင်ဖို့ အနားပြားကြီးကြီးပါတဲ့ ဦးထုတ်ဆောင်းပါ။ နေကာမျက်မှန်တပ်ပါ။

၆။ ကိုယ့်အိမ်က ကလေးငယ်ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ အိမ်မွေးတိရစ္ဆာန်တွေကို အထူးဂရုစိုက်ပါ။ ပုံမှန်လူတွေထက် သူတို့က ပိုပြီးတော့ ထိခိုက်လွယ်၊ ဖျားလွယ်တာမို့ပါ။ သူတို့ကို ရေသောက်ရဲ့လား။ အရိပ်ထဲမှာ နေရဲ့လား။ နေရတာ သက်တောင့်သက်သာဖြစ်ရဲ့လား သေချာဂရုစိုက်ပေးပါ။

၇။ ရာသီဥတုသတင်းတွေကို အချိန်နဲ့ တပြေးညီ သိရှိအောင်လုပ်ပါ။

အပူသတိပေးချက်တွေကို သိရှိအောင်လုပ်ပါ။ အပူအခြေအနေပေါ်မူတည်ပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားပါ။ အရေးပေါ်အခြေအနေအတွက် လိုအပ်လောက်တဲ့အရာတွေကိုလည်း ကြိုတင်ပြင်ဆင်ထားပါ။

ဒီနည်းလမ်းလေးတွေကို သေချာလိုက်နာတယ်ဆိုရင် အပူရှပ်နိုင်ခြေကိုလျှော့ချနိုင်ပြီး အပူလှိုင်းဖြတ်နေစဉ်ကာလကို အန္တရာယ်ကင်းကင်းနဲ့ ဖြတ်ကျော်နိုင်မှာပါ။ အားလုံး အားလုံး အပူလှိုင်းဖြတ်နေစဉ်ကာလအတွင်းမှာ အန္တရာယ်ကင်းကြပါစေ။