အသင်း နည်းပြ ဘဝမှာ တခါမှာ အထုတ်မခံရဖူးတဲ့ လျှို့ဝှက်ချက်အား ပက် ဂွါဒီယိုလာ ဖော်ထုတ် ဖွင့်ချ

မန်ချက်စတာ စီးတီး အသင်း နည်းပြ ဂွါဒီယိုလာဟာ သူ့ရဲ့ နည်းပြဘဝ သက်တမ်းတစ်လျှောက် ရာထူးကနေ တစ်ကြိမ်တစ်ခါမှ ထုတ်ပယ်ခံခဲ့ရတာမျိုးမရှိဘဲ ကလပ်အသင်းတွေနဲ့ နှစ်ဦးသဘောတူ အနေအထားမျိုးကနေ လမ်းခွဲလာတာပဲရှိခဲ့ဖူးပါတယ်။ စပိန်လူမျိုးနည်းပြဟာ စီးတီး မတိုင်ခင်က ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့ကို ကိုင်တွယ်ခဲ့ဖူးတာပါ။

ဥရောပရဲ့ ထိပ်တန်းအသင်းကြီးတွေကိုပဲ ကိုင်တွယ်ခဲ့တဲ့ ဂွါဒီယိုလာဟာ လက်ရှိအချိန်မှာလည်း မန်စီးတီးနဲ့အတူ ကောင်းမွန်တဲ့ အချိန်ကာလတွေကို ဖြတ်သန်းလျက်ရှိပါတယ်။ အဲ့ဒါကြောင့်လည်း သတင်းထောက်တစ်ယောက်က သူ့ရဲ့ နည်းပြဘဝမှာ ဘာကြောင့် တစ်ကြိမ်မှ အထုတ်မခံရဖူးတာလဲလို့ မေးမြန်းခဲ့ပါတယ်။

ဂွါဒီယိုလာကတော့ “ကျွန်တော် ခင်ဗျားတို့ကို လျှို့ဝှက်ချက် ပြောပြမယ်ဗျ။ ကျွန်တော်တို့က ပွဲတွေကို အနိုင်ရအောင် ကစားတယ်လေ။ တကယ်လို့ ကျွန်တော်တို့ အသင်းသာ မနိုင်ဘူးဆိုရင် ကျွန်တော် အထုတ်ခံရမှာပေါ့ဗျာ။ ဒီကိစ္စတွေက ကျွန်တော့်ဆံပင်က အခြားသူတွေထက် ပိုကောင်းနေလို့လည်း မဟုတ်ပါဘူး (ရယ်လျက်)။”

“ကျွန်တော် အထုတ် မခံရတာ ကျွန်တော်တို့ ပွဲတွေ အများကြီးကို အနိုင်ယူနေလို့ပါ။ ဒီနိုင်ငံကို ကျွန်တော် ရောက်လာတဲ့အချိန်၊ အခုထက် အသက်ငယ်သေးတဲ့အချိန်မှာ နည်းပြတွေကို ထိန်းသိမ်းတဲ့ အစဉ်အလာက အမြဲတမ်း ရှိခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ လူတိုင်းအတွက် ဖိအားတွေ များနေပါပြီ၊ ရင်းနှီးမြှုပ်နှံမှုတွေလည်း အများကြီးပါ”

“ဒီလိုအခြေအနေမျိုးမှာ ဖိအားတွေ အများကြီးရှိတာကို ကျွန်တော် နားလည်ပါတယ်။ တစ်ခါတလေ အလုပ်ဖြစ်တာမျိုးလည်း ရှိပေမယ့် တစ်ခါတလေတော့လည်း မဖြစ်ဘူးပေါ့။ ခင်ဗျားတို့လည်း ဒါတွေကို မြင်တဲ့အတိုင်းပါပဲ။ ဒီအပေါ်မှာ အသားကျနေဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။