နေအိမ်တွေမှာ အရန်ဆိုလာစနစ် တပ်ဆင်ပြီးမှ ပြန်လည် ရောင်းချမှုတွေ များပြားလာ
ရန်ကုန်မြို့ရှိ အိမ်ခြံမြေ အသစ်ဆောက်လုပ်သော လုပ်ငန်းများတွင် အရန်ဆိုလာလျှပ်စစ်စွမ်းအင် တပ်ဆင်ပြီး ပြန်လည်ရောင်းချမှုများ ရှိလာကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
ရန်ကုန်တိုင်း ဒဂုံမြိုသစ်လေးမြို့နယ်ရှိ အိမ်ခြံမြေ အသစ်တည်ဆောက်ပြီး ပြန်လည်ရောင်းချသော လုပ်ငန်းများတွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာအင်ဗာတာများ တပ်ဆင်ပြီး အသင့်နေအိမ်များကို တည်ဆောက်ရောင်းချနေကြောင်း သိရသည်။
“ လျှပ်စစ်မီးပျက်တဲ့အချိန်တွေ ကြာလာတော့ အိမ်တွေမှာ ဆိုလာစနစ်တွေကို တစ်ခါတည်း တပ်ပြီးရောင်းချနေကြတယ်။
ဆိုလာစနစ်တန်ဖိုးကို အိမ်ခြံမြေဈေးထဲ ထည့်ပေါင်းပြီး ရောင်းချပေးတယ်။ ဆိုလာတပ်ထားတဲ့အိမ်ဆိုရင် သိန်းတစ်ရာ သိန်းနှစ်ရာ ပိုပြီးဈေးပေးရတာပေါ့” ဟု မြောက်ဒဂုံမြို့နယ်မှ အိမ်ခြံမြေဝယ်ရောင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ဆောက်လုပ်ပြီး အသင့်နေ အိမ်ခြံမြေများ အရောင်းအဝယ်ပိုမို သွက်နေခြင်းကြောင့် အိမ်ခြံမြေလုပ်ငန်းတွင် အရန်လျှပ်စစ်ဓါတ်အားပေးစနစ်များပါ တပ်ဆင်ကာ အရောင်းအဝယ် ပြုလုပ်လာကြသည်။
မြန်မာပြည်တွင်းမှာ ဆိုလာအင်ဗာတာ တပ်ဆင်ခြင်းတွေ များပြားလာပေမယ့် အရည်အသွေးပိုင်း အာမခံချက်နည်းပါးနေဆဲဖြစ်ကြောင်း အင်ဗာတာ အသုံးပြုသူတွေရဲ့ မှတ်ချက်ပေးမှုတွေအရ သိရပါသည်။