လျှပ်စစ်ဓာတ်အား ရောင်းစားသလား

အတိုချုပ်ပြောရရင် နိုင်ငံအနေနဲ့ ရောင်းစားထားတာမရှိဘူး ပြောလို့ရပါတယ်။ အရင်ဆုံး ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရေး သဘောသဘာဝကို အကြမ်းဖျင်း ပြောပြပါ့မယ်။

ရေအားလျှပ်စစ်ထုတ်လုပ်နိုင်တဲ့ နေရာလို့ သတ်မှတ်ပြီးတဲ့အခါ စိတ်ဝင်စားတဲ့ နိုင်ငံတကာကုမ္ပဏီများက အရင်ဆုံး ခွင့်ပြုချက်စာတင်ပြီး လေ့လာပါတယ်။ ရေစီးနူန်း၊ တည်ဆောက်မည့် ဒီဇိုင်း၊ ဒီဇိုင်းအရ ထုတ်လုပ်နိုင်မည့် ပမာဏ၊ တနှစ်တာ စုစုပေါင်း ထုတ်လုပ်နိုင်မည့် လျှပ်စစ်ပမာဏ စုစုပေါင်း၊ တည်ဆောက်ရန် ကုန်ကျစရိတ် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှု၊ လူမှု့ဘဝအပေါ် ထိခိုက်နိုင်မှု စသည့်အချက်များကို ရေးသားပြုစုပြီး လျှပ်စစ်ဝန်ကြီးဌာနသို့ စာတမ်းပြုစုပြီး တင်ပြကြရပါတယ်။

ဌာနက တင်ပြလာသော ကုမ္ပဏီများ၏ စာတမ်းများကို ဖတ်ရှု့လေ့လာသုံးသပ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး၊ လူမှု့ဘဝ ထိခိုက်မှုအနည်းဆုံးနဲ့ စီးပွားရေးအရ တွက်ချေကိုက်နိုင်မည့် ဒီဇိုင်းကို တွက်ချက်တင်ပြထားသော ကုမ္ပဏီများကို ခေါ်ယူ၍ ဌာနဘက်က ဝယ်ယူမည့်ပမာဏနဲ့ အကျိုးအမြတ်‌ခွဲဝေရေးအတွက် ညှိနိူင်းကြပါတယ်။ ဒီနေရာမှာ အသေးစိတ် ရှင်းပြဖို့ လိုအပ်ပါတယ်။

နည်းလမ်း(၁)

နိုင်ငံအနေနဲ့ တတ်နိုင်ရင် ပိုက်ဆံရှိရင် တည်ဆောက်မှုကုန်ကျစရိတ်အားလုံးကို စိုက်ထုတ်ပြီး တည်ဆောက်မည်ဆိုပါက နိုင်ငံပိုင်စက်ရုံဖြစ်လာမည်ဖြစ်ပြီး ထွက်သမျှ ဓာတ်အား၏ 100%အား ရယူနိုင်မည်ဖြစ်သည်။ ကုန်ကျငွေသည် အမေရိကန်ဒေါ်လာ သန်းရာချီကုန်ကျနိုင်သဖြင့် နိုင်ငံစီးပွားရေးအခြေအနေအရဖြစ်စေ၊ စီးပွားရေး တွက်ချေကိုက်မှုအရဖြစ်စေ အများအားဖြင့် မရွေးချယ်ကြပါ။

နည်းလမ်း(၂)

အကယ်၍ တည်ဆောက်မှုအားလုံးအား ကုန်ကျစရိတ် တပြားမှ စိုက်ထုတ်ခြင်းမပြုနိုင်ပါကလည်း နိုင်ငံ၏ အရင်းအမြစ်ကို သုံးစွဲရသည့်အတွက် ထွက်လာသည့် ဓာတ်အားစုစုပေါင်း၏ ၁၀%နှင့် ကုန်ကျစရိတ် (အရင်းအနှီး)၏ ၁၅%အား ရှယ်ယာအဖြစ် အခမဲ့ရရှိမည်ဖြစ်သည်။ ၎င်းအပြင် ကျန်ဓာတ်အားများကို ကုမ္ပဏီမှ မည်သည့်နိုင်ငံသို့ရောင်းချသည်ဖြစ်စေ၊ မြန်မာနိုင်ငံသို့ ရောင်းချသည်ဖြစ်စေ နှစ်စဉ် အခွန်များ စည်းကြပ်ကောက်ခံမည် ဖြစ်၍ အခွန်များလည်း ရရှိမည်ဖြစ်သည်။ အကယ်၍ အမြတ်ငွေရရှိပါက ‌၁၅%ရှယ်ယာရရှိနေသည့်အတွက် အကျိုးအမြတ်၏ ၁၅%အား ရရှိနေမည်လည်း ဖြစ်ပါသည်။

ထွက်သမျှ ဓာတ်အား၏ ကျန်(၉၀%)ပမာဏအားလုံးအား လျှပ်စစ်ဌာနမှ ဝယ်ယူနိုင်လျှင် ကုမ္ပဏီမှ တယူနစ်လျှင် ဘယ်ဈေးနူန်းဖြင့် ရောင်းချမည်။ ဤတွင် နွေရာသီရောင်းဈေးနှင့် မိုးရာသီရောင်းဈေး ပမာဏအနည်းငယ်ကွာခြားမည် ဖြစ်သကဲ့သို့ မိုးရာသီတွင်လည်း မဖြစ်မနေအနည်းဆုံးဝယ်ယူရမည့် ပမာဏကိုပါ ညှိနိူင်း၍ စာချုပ်များ ချုပ်ဆိုကြရသည်။ ၉၀%ပြည့် မဝယ်ယူနိုင်ပါကလည်း စုစုပေါင်း၏ ဘယ်လောက်ရာနူန်းဝယ်ယူပြီး ကျန်ဓာတ်အားကို ဘယ်နိုင်ငံအား ရောင်းချမည်ဖြစ်ကြောင်း ကနဦးစာချုပ် ချုပ်ဆိုကတည်းက တပါတည်း ရေးသွင်းပြီး ချုပ်ဆိုကြရသည်။ အခုတော့ ၄၀%ဝယ်ဦးမယ်။ နောက်လိုအပ်မှ လိုအပ်သလို ဝယ်ပါမည်ဆို လုပ်လို့မရပါဘူး။ ရောင်းချမည့် နိုင်ငံအား ဓာတ်အားလိုင်းတည်ဆောက်ထားရသဖြင့် ကုန်ကျစရိတ်များအရ တွက်ချက်ရောင်းချထားရ၍ ဖြစ်ပါသည်။

အဆိုပါလုပ်ငန်းလုပ်ကိုင်ခွင့် အချိန်ကာလပမာဏကိုပါ ညှိနိူင်းကြရပါသည်။ အများအားဖြင့် နှစ်(၃၀)+၅နှစ်(လိုအပ်ပါက သက်တမ်းတိုးနိုင်သည့် ပမာဏ)ဖြင့် ချုပ်ဆိုကြပြီး သတ်မှတ်ကာလ ကျော်လွန်ပါက အဆိုပါစက်ရုံသည် နိုင်ငံတော်ပိုင် စက်ရုံဖြစ်လာမည် ဖြစ်သည်။ ဆိုလိုသည်မှာ (၃၅)နှစ် ကျော်လွန်ပြီးပါက ထွက်သမျှဓာတ်အား၏ (၁၀၀%)အား နိုင်ငံတော်မှ ‌ပေးချေဝယ်ယူရန် မလိုအပ်ပဲ ထိန်းသိမ်းပြုပြင် ကုန်ကျစရိတ်သုံးစွဲ၍ အခမဲ့ ရရှိနေမည်ဖြစ်သည်။

နည်းလမ်း(၃)

ကုန်ကျစရိတ်အားလုံး၏ ရာခိုင်နူန်းတခုအထိ နိုင်ငံတော်မှ စိုက်ထုတ်၍ ကျခံမည်ဖြစ်ပြီး ကျန်ပမာဏအား ဆောင်ရွက်လိုသည့် ကုမ္ပဏီမှ ကျခံမည့်ပုံစံဖြစ်သည်။ ဤကဲ့သို့ စိုက်ထုတ်ထားရသဖြင့် ဓာတ်အားရရှိမှုသည် အခမဲ့(၁၀%)+စိုက်ထုတ်ထားသည့်ပမာဏအရ ရရှိမည့်ဓာတ်အားနှင့် ရှယ်ယာအားဖြင့် အခမဲ့(၁၅%)+စိုက်ထုတ်ထားသည့် ပမာဏအရ ရရှိသည့် ရာခိုင်နူန်းဟု၍ ပြောင်းလဲသွားမည်ဖြစ်ကာ နှစ်စဉ် အမြတ်ငွေ၊ အခွန်နှင့် ဓာတ်အားများ ရရှိနေမည် ဖြစ်ပေသည်။ နည်းလမ်း(၂)ကဲ့သို့ ကျန်ဓာတ်အားဝယ်ယူလိုပါကလည်း ညှိနိူင်းဝယ်ယူနိုင်မည် ဖြစ်ပါသည်။

လာရောက်ရင်းနှီးမြှပ်နှံသော ကုမ္ပဏီများအနေဖြင့် ညှိနိူင်းဈေးနူန်း အဆင်ပြေပါက မြန်မာနိုင်ငံ၏ ဓာတ်အားကို မြန်မာနိုင်ငံတွင်သာ ရောင်းချလိုကြပါသည်။ အကယ်၍ မဝယ်ယူပါက တခြားနိုင်ငံသို့ တင်ပို့ရောင်းချရသည့်အခါ ‌ဓာတ်အားခဈေးနူန်းပိုရသော်လည်း ဓာတ်အားလိုင်း တည်ဆောက်စရိတ်ကြီးမြင့်မှု တည်ဆောက်မှုလုပ်ငန်းကြာမြင့်မှု၊ ဓာတ်အားလိုင်း ထိန်းပြင်စရိတ်တို့နှင့် နိူင်းယှဉ်သော် တွက်ချေသိပ်မကိုက်သည့်အတွက်ကြောင့် ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုသော် နိုင်ငံအနေဖြင့် ဓာတ်အားလိုအပ်ချက် များစွာမြင့်မားနေသည့်အတွက်ကြောင့် အခမဲ့ ဓာတ်အားရရှိမှုများအား ပြန်လည်ရောင်းချထားခြင်း လုံးဝမရှိပဲ လာရောက်ရင်းနှီးမြှပ်နှံသည့် ကုမ္ပဏီများထံမှ တတ်နိုင်သမျှ ညှိနိူင်းဝယ်ယူလျှက်ရှိပါသည်။ နိုင်ငံအနေဖြင့် အရင်းမစိုက်ပဲ လူမှုပတ်ဝန်းကျင်ဘဝ ထိခိုက်မှုနည်းသော စီမံကိန်းများအား အကောင်အထည်ဖော်၍ အခမဲ့ဓာတ်အား ရရှိအောင် မြန်မြန်ညှိနိူင်း၍ ဆောင်ရွက်သင့်သည်ဟု ထင်မည်ယူဆမိပါကြောင်း သိသမျှ ဝေမျှအပ်ပါသည်။

ကေအက်စ်(ခွဲမှူး)