ဘရာဇီး ကွင်းလယ်သမား ပါကေတာ ကို နွေမှာ ခေါ်ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရရှိလိုက်တဲ့ မန်စီးတီး အသင်း

မန်ချက်စတာ စီးတီးအသင်းဟာ လာမယ့်နွေမှာ ဝက်စ်ဟမ်း ယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား လူးကပ်စ် ပါကေတာ ကို ခေါ်ယူသွားဖို့အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီချက် ရရှိခဲ့ပြီလို့ သတင်း ထွက်လာပါတယ်။

မန်စီးတီးက ပါကေတောကို ပြီးခဲ့တဲ့ နွေဈေးကွက်မှာကတည်းက ခေါ်ယူချင်ခဲ့ပေမယ့်လည်း ပါကေတာရဲ့ လောင်းကစား အရှုပ်တော်ပုံတွေ ထွက်ပေါ်လာမှုကြောင့် ဆက်လက် မကြိုးပမ်းတော့ပဲ ဝုလ်ဗ်အသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်လူ မာသီးယပ်စ် နူးနက်စ်ကိုသာ ခေါ်ယူဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ပါကေတာရဲ့ လောင်းကစားကိစ္စတွေ ကင်းရှင်းသွားချိန်မှာ စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာက ပါကေတာကို ပြန်လည် အလိုရှိလာခဲ့ပြီး လာမယ့်နွေမှာ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် ကစားသမားနဲ့ ထပ်မံ ဆွေးနွေးခဲ့ရာ personal agreed တော့ ရရှိသွားခဲ့ရပါတယ်။

ဒါကြောင့် စီးတီး ပါကေတာကို ရရှိဖို့အတွက် ဝက်စ်ဟမ်းနဲ့သာ ဆက်လက် ဆွေးနွေးရပါတော့မယ်။

တကယ်ဆို ပြီးခဲ့တဲ့ နွေမှာကတည်းက ပါကေတာဟာ မန်စီးတီးဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိခဲ့သလို အခုလည်း ထပ်မံ ရရှိလာတဲ့ အခွင့်အရေးကို လက်လွတ်ခံဖွယ် မရှိပဲ သူ့ကို စီးတီးအသင်းဆီ ရောင်းချပေးဖို့ ဝက်စ်ဟမ်းအသင်းထံ တိုက်တွန်းလာနိုင်ပါတယ်။

Foot Mercato ရဲ့ သတင်းထောက် Santi Aouna ရဲ့ ဖော်ပြချက်မှာတော့ လက်ရှိမှာ စီးတီးနဲ့ ဝက်စ်ဟမ်းတို့ ကလပ် နှစ်သင်းကြား ပါကေတာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှု ရှိမနေသေးဘူးလို့ သိရပါတယ်။

အသက် (၂၆)နှစ်အရွယ် ဘရာဇီးလ် ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံကစားသမား ပါကေတာဟာ စီးတီးနည်းပြ ဂွာဒီယိုလာရဲ့ စိတ်ကြိုက် ကစားသမားတစ်ဦးဖြစ်ပြီး စီးတီးရဲ့ မရှိမဖြစ် အဓိက ကွင်းလယ်ဖန်တီးရှင်ကြီးဖြစ်သူ ကယ်လ်ဗင် ဒီဘရိုင်းနေရာအတွက် ရေရှည် အစားထိုးမှုလည်း ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

ဖလာမင်ဂို ဘောလုံးအသင်းကနေ ထွက်ပေါ်လာတဲ့ ပါကေတာဟာ အေစီမီလန် လိုင်ယွန်တို့မှာလည်း ပါဝင်ခဲ့ဖူးသေးပြီး ၂၀၂၂ကမှ လိုင်ယွန်ကနေ ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ဝက်စ်ဟမ်းအတွက် (၂)ရာသီခန့် ပါဝင်ကစားပေးထားပြီး (၁၃)ဂိုးသွင်း (၁၄)ဂိုး ဖန်တီးပေးထားနိုင်ခဲ့သလို အသင်းနဲ့လည်း ကွန်းဖရန့်စ်လိဂ်ဖလားကြီးကိုပါ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။