ဥရောပ ချန်ပီယံဘွဲ့ကို ဘာလို့ အသည်းသန် ကာကွယ်ချင်နေတာလဲ အမေးကို ခပ်ရွတ်ရွတ် ပြန်ဖြေသွားတဲ့ ပက်

မန်ချက်စတာစီးတီးနည်းပြ ပက်ဂွါဒီယိုလာက ဒီည ရီးရဲလ်မက်ဒရစ်နဲ့ ပွဲစဉ်မတိုင်ခင်မှာ ဥရောပ ချန်ပီယံဂုဏ်ပုဒ်ကို ကာကွယ်နိုင်ဖို့အတွက် ဘာကြောင့် စိတ်အားထက်သန်နေတာလဲလို့ အမေးခံရချိန်မှာ ဟာသနှောကာ ခပ်ရွတ်ရွတ် ဖြေကြားလာခဲ့ပါတယ်။
စပိန်သားနည်းပြဟာ ပြီးခဲ့တဲ့ရာသီ မန်စီးတီးကို ချန်ပီယံလိဂ်ဖလားအပါအဝင် ပြည်တွင်းဖလား ၂ လုံးနဲ့အတူ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အအောင်မြင်ဆုံး ရာသီကို ပုံဖော်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာဟာ ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာမှာရှိစဉ်ကလည်း ဒီလိုမျိုး သမိုင်းဝင်အောင်မြင်မှုမျိုးကို ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့မနက်ခင်းမှာတော့ ချန်ပီယံလိဂ်ဖလားကို ၁၄ ကြိမ်အထိဆွတ်ခူးထားနိုင်တဲ့ လက်ရှိအအောင်မြင်ဆုံး အသင်း ရီးရဲလ်မက်ဒရစ်က မန်စီးတီးကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ချန်ပီယံလိဂ်ချန်ပီယံဂုဏ်ပုဒ်ကို ကာကွယ်ဖို့ စိတ်အားထက်သန်မှုကို ဘယ်လိုတည်ဆောက်သလဲလို့ မေးမြန်းခဲ့ရာ ဂွါဒီယိုလာက –
“မန်စီးတီးက ကျွန်တော့်ကို လစာကောင်းကောင်းပေးပါတယ်။ ကျွန်တော်ကလည်း စီးပွားရေးလုပ်ရတာကြိုက်တယ်လေ။ ကျွန်တော်ဒီမှာနေရတာလည်းကြိုက်ပြီး အနိုင်ယူရတာကိုလည်း သဘောကျပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီလိုခံစားချက်တွေမရှိတော့ရင်တော့ အရှုံးပေးသွားမှာပေါ့” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်ကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ၂ ကျော့ပေါင်းရလဒ် ၅-၁ နဲ့ ပြိုင်ပွဲကနေ နုတ်ထွက်စေခဲ့သော်လည်း ဒီရာသီမှာတော့ တူညီတဲ့ရလဒ်မျိုးကိုပုံဖော်နိုင်ဖို့ ခက်ခဲတယ်လို့ ဂွါဒီယိုလာက ဝန်ခံခဲ့ပါတယ်။
ဂွါဒီယိုလာက “ပြီးခဲ့တဲ့နှစ်ကတော့ ကျွန်တော်တို့ သူတို့ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂ ရာသီလောက်တုန်းကလည်း ကျွန်တော်တို့ ပြိုင်ပွဲကနေ နောက်ဆုံးမိနစ်မှာ နုတ်ထွက်ခဲ့ရပါတယ်။
ဒါက ကျွန်တော်တို့နှစ်သင်းအကြားက ဂန္ထဝင်ပြိုင်ဆိုင်မှုလို့သတ်မှတ်နိုင်ပေမယ့် ကျွန်တော်ကတော့ ဒီအပေါ်မှာ ခံစားချက်သိပ်မရှိပါဘူး။ ၂ သင်းစလုံးက တူညီတဲ့နည်းပြတွေဖြစ်နေပေမယ့် ကစားသမားတွေကတော့ အတော်လေးပြောင်းလဲသွားကြပါတယ်။ ဒါကြောင့် ဒီပွဲက ပြီးခဲ့တဲ့နှစ်ကနဲ့ မတူနဲ့ပွဲတစ်ပွဲဖြစ်လာပါလိမ့်မယ်” လို့ပြောကြားခဲ့ပါတယ်။
မန်စီးတီးဟာ ယခုပွဲစဉ်ကို အသင်းရဲ့အဓိကနောက်ခံလူတွေဖြစ်ကြတဲ့ နာသန်အကီနဲ့ ကိုင်လီဝေါ်လ်ကာတို့ မပါဝင်ဘဲ ကစားသွားရမှာဖြစ်တယ်လို့ ဂွါဒီယိုလာက အတည်ပြုခဲ့ပြီး ဂျီဗာဒီအောက အသင်းရဲ့ခရီးစဉ်မှာ လိုက်ပါလာခဲ့သော်လည်း ပါဝင်ကစားနိုင်ဖို့ မသေချာဘူးလို့ သိရပါတယ်။