ဒီည ရီးရဲလ်မက်ဒရစ်နဲ့ ယှဉ်ရမယ့် မန်စီးတီးရဲ့ ချန်ပီယံလိဂ် ကွာတား အဝေးကွင်းပွဲ မတိုင်ခင် နှစ်ဖက်အသင်း သတင်းများနဲ့ ထူးခြား သတင်းများ

မန်ချက်စတာစီးတီး ဟာ ယနေ့ညမှာ ဘာနေဗျူးကွင်းသို သွားပြီး လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ် နဲ့ ချန်ပီယံလိဂ် ကွာတားပွဲ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ ဒါဟာ ဥရောပရှုံးထွက်အဆင့်မှာ ဒီ ၂ သင်းကြား ၃ ရာသီဆက်တိုက် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၁-၂၀၂၂ ရာသီတုန်းက ဆီမီးဖိုင်နယ်အဆင့်မှာ အောင်ပွဲရခဲ့ပြီး မန်ချက်စတာစီးတီးက နောက်နှစ်မှာတော့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၄ ပွဲမှာ သွင်းဂိုး ၁၇ ဂိုးအထိ ရှိခဲ့ပြီး ပျမ်းမျှအားဖြင့် တစ်ပွဲ ၄.၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ကြတာကြောင့် စိတ်လှုပ်ရှားစရာ ပွဲတစ်ပွဲဖြစ်လာဦးမှာပါ။

နှစ်ဖက်အသင်း သတင်းများ

ရီးရဲလ်မက်ဒရစ်ဘက်မှာ မီလီတာအိုနဲ့ ဗင်နီးရှပ်စ် ဂျူနီယာတို့ ပြန်ပါလာမှာဖြစ်ပြီး ဘရာဇီးလ်နောက်ခံလူဟာ ဒဏ်ရာကြောင့် ကာလရှည် အနားယူခဲ့ရပြီးနောက် ဘီလ်ဘာအိုနဲ့ပွဲမှာ လူစားဝင်ကစားပေးခဲ့တာပါ။ ဗင်နီးရှပ်စ်ကတော့ ဘီလ်ဘာအိုနဲ့ပွဲကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့ပြီး မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုတော့ ပါဝင်ကစားပေးနိုင်မှာပါ။

ကော်တွိုက်၊ အလာဘာတို့ကတော့ ဆက်လက်လွဲချော်ဦးမှာဖြစ်ပြီး ဆီဘာယော့စ်ကတော့ ပြန်ပါလာမှာဖြစ်ပေမယ့် အရန်ခုံကနေ ပွဲထွက်ရဖို့များပါတယ်။

မန်စီးတီးဘက်မှာကာလရှည် အနားယူခဲ့ရတဲ့ အီဒါဆန် ဒီပွဲမှာ ပြန်ပါလာမှာဖြစ်ပြီး ဂဗာဒီယောလ်လည်း ပြန်ပါလာနိုင်ပါတယ်။ ဝေါ်ကာနဲ့ အကီတို့ကတော့ လွဲချော်မှာဖြစ်ပြီး ကျန်ဒဏ်ရာပြဿနာတော့ မရှိနေပါဘူး။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

ရီးရဲလ်မက်ဒရစ်-လူနင်၊ ကာဗာဂျယ်၊ ရူဒီဂါ၊ နာချို၊ မန်ဒီ၊ ဗယ်လ်ဗာဒီ၊ ကမာဗင်ဂါ၊ ခရူးစ်၊ ဘယ်လင်ဟမ်၊ ဗင်နီးရှပ်စ်၊ ရိုဒရီဂို။

မန်စီးတီး-အော်တေဂါ၊ လူးဝစ္စ၊ ဒီယက်စ်၊ အကန်းဂျိ၊ ဂဗာဒီယောလ်၊ စတုန်းစ်၊ ဆေးလ်ဗား၊ ရိုဒရီ၊ ဒီဘရိုင်းနား၊ ဂရီးလစ်ရှ်၊ ဟာလန်း၊ ။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ

ဒီနှစ်သင်းကြား ၁၂ ကြိမ်တွေ့ဆုံခဲ့ရာမှာ ရီးရဲလ်က ၄ ကြိမ်နိုင် ၃ ကြိမ်သရေ မန်စီးတီးက ၅ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ရီးရဲလ်က ၃ ပွဲနိုင် ၂ ပွဲသရေ၊ မန်စီးတီးက ၃ ပွဲနိုင် ၂ ပွဲသရေကျခဲ့ပါတယ်။

ထူးခြားသတင်း

ဒီပွဲမတိုင်ခင် ISIS အကြမ်းဖက် အဖွဲ့က ချန်ပီယံလိဂ် ပွဲစဉ်တွေကို တိုက်ခိုက်မှု ပြုလုပ်မယ် ခြိမ်းခြောက်ထားပြီး ရီးရဲလ်နဲ့ မန်စီးတီးတို့ ဘာနေဗျူးမှာ ကန်မယ့် ပွဲလည်း ပါဝင်ပါတယ်။ ဒီသတင်းတွေကြောင့် ရီးရဲလ်က ဘာနေဗျူး ကွင်းကို အမိုး ပိတ်ပြီး ကစားဖို့ စီစဉ်ထားပါတယ်။