နာမည်ကြီးလှတဲ့ မန္တလေးမြီးရှည် ဘယ်ကစသလဲ
မန္တလေးမြီးရှည်ရယ်လို့ နံမည်ကြီးပြီး မန္တလေးရောက်သူတိုင်း မက်မက်မောမောစားကြပါတယ်။ မြီးရှည်ကို အမရပူရခေတ်ကထဲကရှိတယ်လို့ ပြောကြတာပါဘဲ။ မန္တလေးမြီးရှည်လို့သာ ပြောရတာ။
မြီးရှည်က မြန်မာအစားအစာ မဟုတ်ပါဘူး/ တရုတ်အစားအစာပါ။ တရုတ်လို”မီးရှန့်”လိုခေါ်ပါတယ်။ မီးရှန့်ကနေမြီးရှည်လို့ဖြစ်သွားတာပါ။
မြီးရှည်ကလည်း အမျိုးမျိုးရှိပါတယ်။ မိုင်းသာမြီးရှည် မိုးကုတ်မြီးရှည် ကျောက်မဲမြီးရှည် လားရှိုးမြီးရှည် မိုးညှင်းမြီးရှည် စသည်ဖြင့် သူ့နယ်ပယ်အလိုက် ရှိကြတာပါဘဲ။
ပြောချင်တာက မန္တလေးမြီးရှည်အကြောင်းပါ။
ဦးလောပျောင်း ဆိုတာ ဒုတိယကမ္ဘာစစ်မဖြစ်ခင်တုံးကထဲက ဈေးချိုတော်မြောက်ဖက် ၂၆လမ်း ကုက္ကိရ်ပင်အောက်မှာ မြီးရှည်ဆိုင်ဖွင့်ရောင်းခဲ့တဲ့သူပါ။ နောက်တော့မြောက်မလွယ်အရှေ့တံခါးနားမှာ ဆိုင်ခန်းနဲ့ရောင်းပါတယ်။ မြောက်မလွယ်မြီးရှည်လို့ နံမည်ကြီးဆိုင်ရဲ့ မူလအစဆရာကြီးပါ။ တရုတ်ပြည်စီချွမ်ပြည်နယ်ကရောက်လာသူပါ။
မန္တလေးမြီးရှည်ရဲ့ ၉၀% ရောင်းသူတွေက “တောင်မတော” ရွာကပါ။ တောင်မတောရွာက စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ဗောဓိတစ်ထောင်ဘုရားအနီးမှာ ရှိပါတယ်/ ဘယ်လိုကနေ ဆင်းသက်လာပြီး မြီးရှည်ရောင်းကြတယ် မသိဘူး။ ရွာမှာတောင်သူလဲလုပ် ဆိတ်လဲမွေးကြပါတယ်။ မြီးရှည်ရောင်းပြီး ကြီးပွားချမ်းသာသူတွေလည်း အများကြီးရှိပါတယ်။
ကနေ့ရောင်းနေကြတဲ့မြီးရှည်က ရှေးကမြီးရှည်နဲ့လုံးဝမတူပါဘူး။ ပြင်ဆင်ပုံတွေကွာသွားပါပြီ။ ခေတ်ကစကားပြောတာလဲပါမယ် ထင်ပါတယ်။
ရှေးက ဝက်သုံးထပ်သားကို အိုးထဲမှာအိနေအောင် ပြုတ်ထားတာပါ။ အိုးပေါ်ကအင်တုံလေးထဲထည့်ပြီး ယောက်ချိုနဲ့ခေါက်တာဘဲ။ အဆီများများကြိုက်သူလဲ အဆီများများထည့်ပြီး ခေါက်တာဘဲ။ အသားဆိုလဲအသားများများပေါ့။
ခုတော့ခေတ်အခြေအနေအရ အဆီစားသူက မရှိသလောက်ဖြစ်သွားပြီ။ အရင်လိုအိအောင်ပြုတ်စရာလဲ မလိုတော့ဘူး။အလုပ်မရှုပ်တော့ဘူး။ အခေါက်နဲ့အသားပြုတ်ထားလိုက်တယ်။ စားသူလာ ကပ်ကြေးနဲ့ကိုက်ပြီး ထည့်ပေးလိုက်ရုံဘဲ။ ခုခေတ်တော့ ဝက်ကလီဇာစုံရတယ်။ ရှေးကတော့နားရွက် အမြီး ခြေထောက်သုပ်ဘဲရတယ်။
ဟင်းရည်ဆိုရင် မြေအိုးနဲ့ဟင်းရည်က ပိုကောင်းပါတယ်။ အိုးတောင်မှ အာလကပရွာက ထွက်တဲ့အိုးဆို ပိုကောင်းပါတယ်။ နပတ်အိုးခေါ်တာပေါ့။
မြီးရှည်ရဲ့ အဓိကလိုအပ်ချက်က ကော်ကောင်းဖို့နဲ့ ပဲငပိကောင်းဖို့ဘဲ။ ကော်ကောင်းရင် မြီးရှည်က စီးစီးထွေးထွေးလေးဖြစ်နေတယ်။ မကောင်းရင်သိသာတယ်။ ကော်တွေက အလုံးလိုက်အထွေးလိုက်ဖြစ်နေရင် အဲသည်မြီးရှည် စားမကောင်းတော့ဘူး။
စဥကြော်ကလဲ အဓိကကျပါတယ်။ စဥကြော်ကို ဂျုံနဲ့ငှက်ပျောသီးနဲ့နယ်ပြီး ကြော်ထားတာပါ။ ခုခေတ်တော့ အလွယ်လုပ်လာကြတယ်။ အီကြာကွေးကို ကပ်ကြေးနဲ့ကိုက်ပြီး ကြော်ကြတာများပါတယ်။ စဥကြော်လောက် စားမကောင်းဘူး။
ခုခေတ် မြီးရှည်ဆိုင်တွေကတော့ အများကြီးပါ။ ၁၆လမ်းမြီးရှည်ကတော့ နံမည်ကြီးပါတယ်။ စားသုံးသူတွေအကြိုက် ပြောရရင် သူ့အကြိုက်ကိုယ့်အကြိုက် မတူကြပါဘူး။ အဲသည်တော့ ဘယ်ဆိုင်ကောင်းတယ် မကောင်းဘူးလည်း မပြောချင်ပါဘူး။ ခုခေတ်မှာ မြီးရှည်ထဲ ဒညင်းသီးတောင် ထည့်စားလာကြပါတယ်။
ရေးသားသူ – Soe Myint Thein