အလန်းစား သွင်းဂိုးတွေကို မြင်ခဲ့ရတဲ့ ဘာနေဗျူးက ၃-၃ သရေပွဲနဲ့ ဒုတိယ အကျော့ ရင်ခုန်ဖို့ အကောင်းဆုံး ဖြစ်လာတဲ့ မန်စီးတီး – ရီးရဲလ်
လက်ရှိ ဥရောပ ချန်ပီယံ ဖြစ်တဲ့ မန်ချက်စတာစီးတီးဟာ အင်္ဂါနေ့ည ဘာနေဗျူးမှာ ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပထမအကျော့မှာ ရီးရဲလ်မက်ဒရစ်နဲ့ တစ်ဖက် ၃ ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
ဂွါဒီယိုလာရဲ့အသင်းက ပထမပိုင်း ၂ မိနစ်မှာပဲ ဘာနာဒို ဆေးလ်ဗားရဲ့ ၂၅ ကိုက်အကွာက ရရှိခဲ့တဲ့ အလွတ် တည်ကန်ဘောကနေ တိုက်ရိုက် ကန်သွင်းယူမှုကြောင့် ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပြီး လူထိလမ်းကြောင်းပြောင်းဝင်သွားတဲ့ ဂိုးကန်ချက် ၂ ခုက ရီးရဲလ်မက်ဒရစ်တို့ကို ပြန်လည်ဦးဆောင်ခွင့် ရရှိစေခဲ့တာဖြစ်ပါတယ်။
ပထမအလုံးမှာ ကမာဗင်ဂါရဲ့ အဝေးကန်ချက်ဟာ ရူဘင် ဒီယက်စ်နဲ့ ထိပြိး အော်တေဂါရဲ့ ဂိုးအပေါ်ထောင့်ထဲကို လည်ကာလည်ကာ ဝင်သွားခဲ့တာဖြစ်ပြီး ဒုတိယဂိုးကတော့ ရိုဒရီဂိုဟာ မန်စီးတီးနောက်တန်း အနောက်ကို ပြေးဝင်ပြီး ကန်သွင်းခဲ့တဲ့ ဘောလုံးက အကန်းဂျိရဲ့ ဖနောင့်ကို ထိမှန်ပြီး ဂိုးသွားခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ ဘာနေဗျူးမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူထားနိုင်ခဲ့ပေမယ့်လည်း တိုက်စစ်ပိုင်းမှာ အဆုံးသတ်ပိုင်း အားနည်းနေခဲ့တာကြောင့် ဂိုးတွေ မရခဲ့တာဖြစ်ပြီး ၆၆ မိနစ်မှာတော့ ဖိုဒန်က ချေပဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။
အင်္ဂလန်တောင်ပံကစားသမားဟာ ပင်နယ်တီဧရိယာအပြင်ဘက်မှာ နေရာလွတ် ရှာတွေ့ခဲ့ပြီး နောက်ပြန်လှည့်ပြီး ဂိုးအပေါ်ထောင့်ထဲကို အပြင်းကန်သွင်းသွားခဲ့တာကြောင့် မန်စီးတီးတို့ ချေပဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။
နောက်ထပ် ၅ မိနစ်အကြာမှာပဲ ဂဗာဒီယောလ်က အတွင်းဘက်ကို ချိုးဝင်ပြီး အလွန်ကောင်းမွန်တဲ့ ညာခြေကန်ချက်နဲ့ ပြီးခဲ့တဲ့နွေရာသီမှာ လိုက်ပ်ဇစ်ကနေ ပြောင်းလာပြီးကတည်းက ပထမဆုံးသော သွင်းဂိုးကို ကန်သွင်းယူပေးသွားခဲ့လို့ စီးတီးတို့ ဦးဆောင်ခွင့် ထပ်မံရရှိခဲ့ပါတယ်။
ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဟာ ဖက်ဒရီကို ဗယ်လ်ဗာဒီရဲ့ အံ့အားသင့်ဖွယ် မြေမကျကန်သွင်းယူခဲ့တဲ့ ဂိုးကြောင့် ချေပဂိုး ရရှိသွားခဲ့ပြီး လာမယ့် ဧပြီ ၁၇ ရက်နေ့ အစ်တီဟတ်မှာ ကစားရမယ့် ဒုတိယအကျော့ပွဲစဉ်ကတော့ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းလာတော့မှာ ဖြစ်ပါတယ်။