ကမ္ဘာ့လေထုအညစ်ညမ်းဆုံး အဓိက မြို့ကြီးများ စာရင်းထဲ ရန်ကုန် ပါဝင်လာ
မြန်မာနိုင်ငံရဲ့ မြို့တော် ရန်ကုန်မြို့ဟာ ဧပြီ ၉ ရက် တိုင်းတာချက်များအရ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး အဓိက မြို့ကြီးများတွင် အဆင့် (၅) နေရာမှာ ရှိခဲ့ကြောင်း သိရပါတယ်။
လေအရည်အသွေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အိုင်ကျူအဲယား IQAir ရဲ့ လတ်တလော အဆင့်ထုတ်ပြန်ချက်အရ ရန်ကုန်မြို့ရဲ့ လေအရည်အသွေးညွှန်းကိန်းဟာ ၁၅၄တွင်ရှိပြီး လေထုအညစ်ညမ်းဆုံးအဓိက မြို့များ နှိုင်းယှဉ်ထုတ်ပြန်သတ်မှတ်ချက်အရ ကမ္ဘာပေါ်တွင် ပဥ္စမမြောက် လေထုအညစ်ညမ်းဆုံးအဆင့်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။
ပထမနေရာက ရှိနေတဲ့မြို့မှာ ဆီနီဂေါနိုင်ငံ ဒါ့ကာမြို့ဖြစ်ပြီး လေအရည်အသွေးအညွှန်းကိန်း ၂၀၂ ရှိပါတယ်။
ဒုတိယအဆင့်တွင်ညွှန်းကိန်း ၁၉၇ဖြင့် နီပေါနိုင်ငံ မြို့တော် ခတ္တမန်ဒူ၊ တတိယနေရာတွင် ညွှန်းကိန်း ၁၇၈ဖြင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ စတုတ္ထနေရာတွင် ညွှန်းကိန်း ၁၅၅ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တို့ရှိနေကြောင်း အဆိုပါ အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံရဲ့ လေအရည်အသွေးညွှန်းကိန်း ၁၅၄ သည် အုပ်စုခွဲခြားသတ်မှတ်ချက်အရ ကျန်းမာရေးနှင့်မညီညွတ်တဲ့ အုပ်စုတွင်ရှိနေတာဖြစ်ပါတယ်။
ရန်ကုန်မြို့ရဲ့ လက်ရှိ လေထုညစ်ညမ်းမှုဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေ ပိုမို ခံစားရနိုင်ပြီး အထူးသဖြင့် ခံနိုင်ရည်အားနည်းတဲ့ အသက်ရွယ်ကြီးသူတွေနဲ့ ကလေးငယ်တွေမှာ ပိုပြီး ခံရနိုင်ချေ ပိုများတယ်လို့ ဆရာဝန်တစ်ဦးက သုံးသပ်ပြောပါတယ်။
လေထုညစ်ညမ်းမှုကို အဓိက ဖြစ်စေတာဟာ မော်တော်ယာဉ်တွေ၊ စက်ရုံတွေ၊ အဆောက်အအုံတွေနဲ့ တောမီးရှို့တာ၊ အမှိုက်ပုံ မီးရှို့တာ၊ တဦးချင်း မီးရှို့တာတွေကြောင့်လို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တဲ့ အဖွဲ့တွေက ပြောပါတယ်။