ညက ရီးရဲလ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ စီးတီး ကွင်းလယ်လူ ဒီဘရိုင်း ဘာဖြစ်လို့ ပါဝင် ကစားခွင့် မရခဲ့သလဲ ပက် ဖြေရှင်း

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲ အဖြစ် မနေ့ညက စပိန်မြေမှာ မန်စီးတီးအသင်း နဲ့ ရီးရဲလ်မက်ဒရစ်တို့ ကစားခဲ့တဲ့ပွဲမှာ စီးတီး ကွင်းလယ်လူ ဒီဘရိုင်း ဟာ လူစာရင်းထဲမှာ ပါဝင်ခဲ့ပေမဲ့ အံ့အားသင့်စရာကောင်းအောင် ပွဲထွက်ကစားခွင့် မရခဲ့ပါဘူး။

အက်စတွန်ဗီလာနဲ့ပဲတုန်းက အနားပေးခံရတဲ့ ဒီဘရိုင်းဟာ ခရစ္စတယ်ပဲလေ့စ်ကို ၄-၂ ဂိုးနဲ့အနိုင်ရတဲ့ ပရီးမီးယားလိဂ်မှာ လှပတဲ့ ဂိုး ၂ ဂိုး သွင်းယူခဲ့ပြီး ပွဲအပြီး အင်တာဗျူးမှာ ဂွါဒီယိုလာက ဒီဘရိုင်းရဲ့စွမ်းဆောင်ရည်အပေါ် ချီးကျူးစကားပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲအပြီး ၃ ရက်အကြာ ရီးယဲလ်နဲ့ပွဲမှာ ဒီဘရိုင်း ဟာ ပွဲထွက်ကစားခွင့်မရခဲ့ဘဲ ဖိုဒန်က ဒီဘရိုင်းရဲ့ နေရာဖြစ်တဲ့ No 10 Role မှာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ဒီဘရိုင်းဟာ ရီးရဲလ်နဲ့ပွဲအတွက် လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပေမဲ့ ပွဲထွက်ကစားခွင့်မရသလို ဂွါဒီယိုလာက သူ့ကို လူစားဝင်အဖြစ်တောင် မသုံးခဲ့ပါဘူး။

အဲဒါနဲ့ပတ်သက်လို့ မေးခွန်းတွေ ထွက်ပေါ်နေပြီး ဂွါဒီယိုလာကတော့ ဒီဘရိုင်းကို ပွဲထွက်သုံးဖို့ စီစဉ်ခဲ့ပေမဲ့ ပွဲကစားခါနီးမှ ရုတ်တရက် နေထိုင်မကောင်းဖြစ်တာကြောင့် လူစာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ပွဲမတိုင်ခင် TNT Sports နဲ့ အင်တာဗျူးမှာ ဂွါဒီယိုလာက “ပွဲမစခင်မှာ ဒီဘရိုင်း ဟာ နေထိုင်မကောင်းဘဲ အန်တာတွေဖြစ်ခဲ့ပါတယ်။ ဘာဖြစ်တာလဲဆိုတောတော့ ကျွန်တော်လည်း မသိပါဘူး။ အသင်း အစည်းအဝေးမှာတုန်းက ဒီဘရိုင်း ဟာ ပွဲကစားဖို့ အသင့်ရှိနေပေမဲ့ အဝတ်လဲခန်းထဲကို ရောက်ချိန်မှာ ဒီဘရိုင်း တစ်ယောက် စ အန်တော့တာပါပဲ . .”

“အဲဒီနောက် ဒီဘရိုင်း က သူ ပွဲကစားနိုင်မှာ မဟုတ်ဘူးလို့ အသိပေးခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အတွက် သတင်းကောင်း မဟုတ်ပေမဲ့ ဘာမှ မတတ်နိုင်ပါဘူး။ ဒီဘရိုင်းနားနေရာမှာ တခြားတစ်ယောက်ကို အသုံးပြုရမှာဖြစ်ပြီး ကစားသမား တိုင်းက ပွဲကစားခွင့်ရဖို့ အခွင့်အရေးရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။