ညက ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမှာ မန်စီးတီးဘက်က ခြေစွမ်း အဆိုးရွားဆုံး ဖြစ်နေတဲ့ ကစားသမား

ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် ၃-၃ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ စီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းဟာ ခြေစွမ်းအဆိုးဆုံး ကစားသမားပဲလို့ ဗန်ဒါဗတ်က ပြောကာ ဟာလန်းကို ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။
ဥရောပ နာမည်ကြီးကလပ်တွေ ဖြစ်တဲ့ အေဂျက် ၊ ရီးရဲလ်မက်ဒရစ်နဲ့ စပါးတို့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဗန်ဒါဗတ်က ဟာလန်း ခြေစွမ်းကို အတော်ကြီး စိတ်ပျက်နေသူပါ။
ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးက တဖက် ၃ဂိုးစီ သွင်းယူကာ ဂိုးသွင်းမြိုင်တဲ့ပွဲ ဖြစ်ခဲ့ပေမယ့် မန်ချက်စတာ စီးတီးရဲ့ တိုက်စစ်မှူး ဟာလန်းကတော့ ခြေစွမ်းတွေ ဆိုးရွားခဲ့ပြီး ဟာလန်းဟာ တပွဲလုံးမှာ ဘောလုံးထိချက် အချက် ၂၀ သာ ထိခဲ့ကာ ကွင်းထဲမှာ စွမ်းဆောင်ရည် အနိမ့်ဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။
ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ဗန်ဒါဗတ်က ရီးရဲလ်မက်ဒရစ် ၃-၃ မန်ချက်စတာ စီးတီး ပွဲစဉ်မှာ အဆိုးရွားဆုံး ကစားသမားက ဟာလန်းပဲလို့ ခေါင်းစဉ်တပ်ကာ ဟာလန်းကို ဝေဖန်သွားခဲ့တာပါ။
ဗန်ဒါဗတ်က – “အာလင်း ဟာလန်းရဲ့ ခြေစွမ်းက အရမ်းကို ဆိုးရွားခဲ့ပါတယ်။ တကယ်လို့ သူက ဂိုးမသွင်းနိုင်ဘူး ဆိုရင် အသင်းအတွက် အတော်လေး အသုံးမဝင်တဲ့ ကစားသမားပါ။
ကျွန်တော်ကတော့ သူဟာ ဘောလုံးကိုင် ကစားတဲ့ အချိန်မှာ သာမန် ကစားသမား တဦးထက် မပိုဘူးလို့ပဲ မြင်ပါတယ်။ သူ့ရဲ့ အသင်းဖော်တွေကတောင် သူ့ကို ဘောလုံးမပေးကြပါဘူး။ သူက ဒီနေ့ပွဲမှာ အဆိုးဝါးဆုံး ကစားသမားပါပဲ” လို့ ဟာလန်းကို ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။