လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်နေတဲ့ ရန်ကုန်မှာ သင်္ကြန်ကာလ မီးပိုပျက်မယ်

လျှပ်စစ်မီးကို လေးနာရီခြား အလှည့်ကျပေးနေရတဲ့ ရန်ကုန်မြို့မှာ သင်္ကြန်ကာလဖြစ်တဲ့ ဧပြီ ၁၀ ရက်ကနေ ၁၇ ရက်အထိ လျှပ်စစ်မီး ယာယီပြတ်တောက်မှုတွေ ရှိမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း YESC က ထုတ်ပြန်အသိပေးထားပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေကို ဓာတ်ငွေ့ပို့လွှတ်နေတဲ့ ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြုပြင်မှာဖြစ်တာကြောင့်လို့ ဆိုပါတယ်။
အဲလို ပြုပြင်မှုတွေ ဆောင်ရွက်နေတဲ့အချိန် လျှပ်စစ်ဓတ်အားထုတ်လုပ်မှုလျော့နည်းနေမှာဖြစ်ပြီး အရေးပေါ် ဝန်အားလျှော့ ထိန်းညှိတာတွေလုပ်ရမှာဖြစ်လို့ မြို့နယ်တချို့မှာ အခုလို လျှပ်စစ်မီး ယာယီပြတ်တောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မှာ နွေရာသီအစပိုင်းကတည်းက လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဆိုးဆိုးဝါးဝါးဖြစ်နေပြီး လေးနာရီခြား အလှည့်ကျပေးရမယ့်အချိန်တွေမှာတောင် မပေးနိုင်တာမျိုးတွေရှိပါတယ်။
YESC ရဲ့ ကြေညာချက်ကို ရန်ကုန်မြို့နယ်တွေအတွင်းက လျှပ်စစ်မီးမမှန်မှုနဲ့ နွေအပူဒဏ်ကို အံတုနေရတဲ့ ပြည်သူတွေကတော့ များစွာ ဝေဖန်နေကြတာဖြစ်ပါတယ်။