ကွင်းထဲမှာ ဒိုင်လူကြီး ပါးရိုက်တာ ခံခဲ့ရတဲ့ ဟာလန်း အွန်လိုင်းမှာ လူရယ်စရာ ဖြစ်နေပါတယ်

မန်စီးတီး နာမည်ကျော် တိုက်စစ်မှူးဟာလန်းဟာ ရီးရဲလ် မက်ဒရစ် နဲ့ချန်ပီယံလိဂ်ပွဲမှာ ကွင်းလယ်ဒိုင်လူကြီးရဲ့ ပါးရိုက်တာ ခံခဲ့ရပြီး အဲဒီအဖြစ်အပျက်ကို အွန်လိုင်းမှာ ပရိသတ်တွေက နောက်ပြောင်နေကြပါတယ်။
ပထမပိုင်းအပြီး ကွင်းထဲက ထွက်လာချိန်မှာ ကွင်းလယ်ဒိုင် လက်တက်စီယာဟာ သူ့နောက်မှာရှိနေတဲ့ ဟာလန်းကို သတိမထားမိဘဲ ဟာလန်းရဲ့မျက်နှာကို လက်နဲ့ မတော်တဆ လှမ်းရိုက်မိခဲ့တာဖြစ်ပြီး အဲဒီအတွက် လက်တက်စီယာက ချက်ချင်း ပြန်တောင်းပန်ခဲ့ပါတယ်။
အဲဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အွန်လိုင်းမှာ ပရိသတ်တွေက
“ဒုတိယပိုင်းမှာ ဟာလန်းကို နှိုးနှိုးကြားကြားဖြစ်အောင် ဒိုင်လူကြီးက ပါးရိုက်ခဲ့တာပါ. .”၊ “ဟာလန်းက ပွဲကစားချိန်တစ်လျှောက်လုံး ကွင်းထဲမှာ ပျောက်နေတာကြောင့် သူ့ကို ကွင်းလယ်ဒိုင်က မမြင်မိခဲ့တာဖြစ်နိုင်ပါတယ်”လို့ နောက်ပြောင်ရေးသားခဲ့ကြပါတယ်။
အမှန်တကယ်လည်း ဟာလန်းဟာ တစ်ပွဲလုံး ခြေစွမ်းမပြနိုင်ဘဲ တိကျတဲ့ဘောလုံးပေးပို့မှု ၆၇ %၊ ဘောလုံးဆုံးရှုံးမှု ၇ ကြိမ်၊ ဂိုးပေါက်တည့်ချက် ၁ ကြိမ်၊ အောင်မြင်တဲ့ဘောလုံးဆွဲပြေးမှု မရှိ၊ သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှု ၁ ကြိမ်မှ မလုပ်နိုင်ခဲ့ပါဘူး။
အခုပွဲမှာ ဟာလန်းနဲ့အတူ သူ့ရဲ့ဒေ့ါမွန်အသင်းဖော်ဟောင်း ဘယ်လင်ဂမ်တို့ဟာ စွမ်းဆောင်ရည် အဆိုးရွားဆုံးကစားသမားနှစ်ဦးဖြစ်ခဲ့ပြီး ပြင်သစ်နာမည်ကျော်သတင်းစာ L’Equipe က သတ်မှတ်တဲ့ Rating စာရင်းမှာ 3/10 သာရရှိခဲ့ပါတယ်။
ဟာလန်းဟာ အာဆင်နယ်နဲ့ပွဲတုန်းကလည်း ဂိုးပေါက်တည့်မှု ၁ ကြိမ်မှ မရှိတဲ့အထိ ဆိုးရွားခဲ့ပြီး ပွဲကြီးတွေဆိုရင် ဟာလန်း ခြေစွမ်းမပြနိုင်ဘူးလို့ အတော် ဝေဖန်ခံနေရပါတယ်။