ရွှေစျေးဂယက်ကြောင့် အိမ်ခြံမြေစျေးနှုန်း တက်

လက်ရှိ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းများ၊ ကွန်ဒိုများရဲ့ စျေးနှုန်းများဟာ ယခင်ထက် ဈေး မြင့်တက်လာကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူများရဲ့ ပြောကြားချက်အရ သိရသည်။

“ဈေးတွေက အရင်ထက် တက်လာတယ်။ ဘာလို့ဆို ရွှေဈေး၊ ဒေါ်လာဈေးက ဆက်တိုက်တက်လာတော့ အိမ်ခြံမြေဘက်ကိုလှည့်လာကြတာ။ အဲဒါကြောင့် ဈေးကတက်နေတာ။ နေရာ‌ပေါ်မူတည်ပြီး ဈေးကတော့ ကွဲတယ်။”ဟု အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ကိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေ‌ဈေးကွက်တွင် စျေးနှုန်းသင့်တင့်သည့် တိုက်ခန်းနှင့် ကွန်ဒိုအသေးများသာ အရောင်းအဝယ်ဖြစ်နေကာ ဈေးနှုန်းမြင့်မားတဲ့ တိုက်ခန်းများ၊ ကွန်ဒိုများနှင့် မြေကွက်များမှာ အရောင်းအဝယ် အေးနေကြောင်း သိရသည်။

မြန်မာနိုင်ငံသား လုပ်ငန်းရှင်တွေနဲ့ ကျောင်းသားမိဘတွေကတော့ မြန်မာပြည်မှာထက် ဘန်ကောက်မှာ ကွန်ဒို ဝယ်ယူမှုတွေကို ပိုမို ပြုလုပ်နေကြောင်းလည်း ထိုင်း အိမ်ခြံမြေ ဝဘ်ဆိုဒ်တွေမှာ ဖော်ပြထားပါသည်။

ဒီတလော ရွှေစျေးထိုးတက်နေသလို နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်နေပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်းကြောင့် လတ်တလောတွင် အိမ်ခြံမြေနှင့် ရွှေ၊ ဒေါ်လာများဘက်သို့ ရင်းနှီးမြှုပ်နှံလိုသူတွေ ပြန်ရှိလာနေခြင်းဖြစ်ကြောင်း သိရသည်။

” လွန်ခဲ့တဲ့ သုံးလလောက်ကထက် စာရင်တော့ ဒီလထဲမှာ အဝယ်လိုက်နေတဲ့သဘော။ ရွှေဈေးတွေ တက်လာတာကြောင့်လည်းပါတယ်။ ” ဟု အိမ်ခြံမြေအကျိုးတော်ဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့တွင်းရှိ တိုက်ခန်းအရောင်းစျေးနှုန်းများမှာ အခန်းအနေအထားပေါ်မူတည်၍ ကျပ်သိန်း ၁၀၀၀ ဝန်းကျင်မှ ကျပ်သိန်း ၅၀၀၀ ဝန်းကျင်အထိ စျေးနှုန်းရှိနေကာ အရှေ့ဒဂုံ၊ တောင်ဒဂုံ ၊ မြောက်ဒဂုံမြို့နယ်တို့တွင် ပေ ၄၀ ၊ ပေ ၆၀ မြေတစ်ကွက်လျှင် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၅,၀၀၀ အထိ ဈေးနှုန်းအသီးသီးရှိနေကြောင်း သိရသည်။

အရောင်းစျေးကွက်ထက် အငှားစျေးကွက်က ပိုမို အလုပ်ဖြစ်နေကြောင်းလည်း အိမ်ခြံမြေအကျိုးတော်ဆောင် အသိုင်းအဝိုင်းကနေ သိရပါသည်။