ဆွီဒင်နိုင်ငံက ရေခဲဖြင့်တည်ဆောက်ထားတဲ့ဟိုတယ်

ဆွီဒင်နိုင်ငံမြောက်ပိုင်း မြောက်ဝင်ရိုးစွန်းအနီး အာတိတ်စက်ဝိုင်းအတွင်းမှာတည်ရှိတဲ့ Jukkasjärvi ကျေးရွာမှာ ရေခဲနှင့်နှင်းတွေကိုသုံးပြီး ဆောက်ထားတဲ့ဟိုတယ်ရှိပါတယ်။
၁၉၈၉ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဆောင်းရာသီမှာ အနီးရှိမြစ်ထဲကရေခဲတွေကိုသုံးပြီးဆောက်ထားပါတယ်။ ဟိုတယ်မှာရှိတဲ့ ကုတင်များ၊ ထိုင်ခုံများ၊ မှန်များ၊ နံရံများအားလုံးကို ရေခဲများဖြင့်သာ တည်ဆောက်ထားပါတယ်။
အစပိုင်းမှာတော့ ဆောင်းရာသီ သီးသန့်သာဖွင့်လှစ်ခဲ့ပြီး နွေရာသီရောက်ရင် ရေခဲများအရည်ပျော်သွားတာကြောင့် တစ်နှစ်တစ်ခါ အသစ်ပြန်ဆောက်ပါတယ်။
၂၀၁၆ ကစပြီး IceHotel Winter အပြင်ဟိုတယ်ကို တစ်နှစ်မှာ ၃၆၅ ရက်လုံးဖွင့်လှစ်နိုင်ဖို့ IceHotel 365 ကိုပါထပ်ဖွင့်ခဲ့ပါတယ်။ IceHotel 365 မှာနွေရာသီရောက်ရင် solar power များဖြင့်အအေးဓာတ်ကိုထိမ်းသိမ်းထားပါတယ်။ Art Suite အခန်းမှာဆိုရင် ရေခဲဖြင့်ဖန်တီးထားသော ရေခဲရုပ်တုများကဲ့သို့ အနုပညာလက်ရာများကိုပါခံစားနိုင်မှာဖြစ်ပါတယ်။
ရေခဲများဖြင့်ဆောက်ထားတဲ့ဟိုတယ်ဖြစ်တာကြောင့် အခြားအအေးပိုင်းဒေသကဟိုတယ်တွေလို heater တွေမရှိပေမယ့်နွေးနွေးထွေးထွေးအိပ်နိုင်ဖို့ warm sleeping bag တွေတော့စီစဉ်ထားပေးပါတယ်။
ဒီဒေသမှာဆောင်းရာသီဆို ပြင်ပအပူချိန် -15 ကနေ -30 ဒီဂရီအထိအေးပြီး နွေရာသီမှာတော့ 5 နဲ့ 20 ကြားရှိပါတယ်။ အခန်းတွင်းအပူချိန်ကတော့ -5 ကနေ -8 ဝန်းကျင်သာရှိပါတယ်။ ဒီဟိုတယ်မှာရေခဲနဲ့ဆောက်ထားတဲ့ အခန်းတွေအပြင် ရိုးရိုးအခန်းတွေလည်းရှိပါတယ်။ ၃ ရက် package ယူရင် သာမန်အခန်းမှာ ၂ ရက်နှင့် ရေခဲအခန်းမှာ ၁ ရက်ယူနိုင်ပါတယ်။
ကမ္ဘာပေါ်မှာရေခဲဖြင့်ဆောက်ထားတဲ့အခြားဟိုတယ်တွေကတော့ နော်ဝေး၊ ဖင်လန်နှင့်ကနေဒါအစရှိတဲ့ ဝင်ရိုးစွန်းဒေသနိုင်ငံတွေမှာရှိပါသေးတယ်။ ဒါပေမယ့်ဆွီဒင်နိုင်ငံက IceHotel ကတော့ပထမဆုံးနှင့်အကြီးဆုံးရေခဲဟိုတယ်ဖြစ်ပါတယ်။