ရန်ကုန်လူထုကို ဒုက္ခပေးလာတဲ့ YBS တွေပေါ်က အုပ်စုဖွဲ့လုယက်မှုများ

ရန်ကုန်မြို့နေပြည်သူများ သွားရေးလာရေးတွင် အဓိကအားထားနေသည့် YBS ယာဥ်ပေါ်တွင် ခါးပိုက်နှိုက်လုယက်မှုကို ကျော်ပြီး အုပ်စုဖွဲ့ လုယက်မှုတွေ တရှိန်ထိုးများပြားလာနေပါတယ်။
၂၀၂၂၊ ၂၀၂၃ ခုနှစ်တွေထဲက တိုးပွားလာနေတဲ့ ခါးပိုက်နှိုက်မှုတွေဟာ ၂၀၂၄ ခုနှစ်ထဲမှာတော့ အနုကြမ်းစီးတဲ့ ဖြစ်ရပ်မျိုးထိ ရောက်ရှိလာနေပါတယ်။
“ခါးပိုက်နှိုက်တယ်ဆိုတာ မမြင်ချင်မှအဆုံး။ မြင်လည်း မသိချင်ယောင်ဆောင်ခဲ့ရတယ်။ ပြောရင် ဓားနဲ့တွတ်(ထိုး)မယ့်သူတွေက ကိုယ့်နားဝိုင်းနေတာ” လို့ YBS ကို အားပြုနေရတဲ့ ရန်ကုန်မြို့နေထိုင်သူ ကိုဇော်(နာမည်လွဲ) က ပြောပါတယ်။
“အမလေး လုပ်ကြပါဦး’ ‘ပါသွားပြီ’ ‘ဖုန်းပါသွားပြီ’ ‘ပိုက်ဆံအိတ်ပါသွားပြီ’ ‘ပိုက်ဆံတွေ ယူရင်ယူသွားပါ။ မှတ်ပုံတင်လေးတော့ထားခဲ့ပေးပါ’ ‘ကားဆရာ ခဏရပ်ပါဦး၊ ခါးပိုက်နှိုက်ခံရလို့’ ‘ခုနက ဘေးကပြေးဆင်းသွားကြတဲ့ကောင်တွေ နှိုက်သွားတာ’ ဒါက YBS ကားပေါ်က ကြားရတဲ့အသံတွေရယ်ပါ။
သင်္ကြမတိုင်ခင် ဧပြီ ၁၁ ရက်နေ့က ဒဂုံဧရာအဝေးပြေးမှ ရွှေပြည်သာမြို့နယ်သို့ ပြေးဆွဲလျက်ရှိသော ဝိုင်ဘီအက်စ် ၆၈ ယာဥ်လိုင်းကို စီးနင်းလိုက်ပါလာသည့် အမျိုးသမီးငယ်တစ်ဦးအား ပုလဲလမ်း မှတ်တိုင်မှတက်လာသော လူလေးဦးက မှတ်ပုံတင်နှင့်ငွေသားအချို့ကို အုပ်စုဖွဲ့လုယက်ခဲ့ပါသေးတယ်။
အုပ်စုဖွဲ့လုယက်မှုကို ကိုယ်တိုင် ရင်ဆိုင်ခဲ့ရတဲ့ အောင်အောင် (အမည်လွှဲ)ကလည်း
“ဘာနဲ့ခြစ်လိုက်မှန်းမသိဘူးခင်ဗျ တော်တော်တော့စပ်တယ် ၊ ဓားတော့မဟုတ်ဘူး နည်းနည်းတုံးတုံးပဲ အရေပြားတော့လန်သွားတယ် စိတ်ထဲကတော့ ခံစားရတာ ဘယ်လိုပြောရမလဲ ခံပြင်းတာပေါ့၊ ပင်ပင်ပန်းပန်း ရှာထားရတာကို ယူသွားကြတာဆိုတော့” ဟု ပြောပြပါတယ်။
လက်ရှိ ဝိုင်ဘီအက်စ်ယာဥ်လိုင်းများတွင် မကြာခဏ ခိုး၊ ဆိုး၊ လု၊ နှိုက်မှုများ နေ့စဥ်နှင့်အမျှ ကြုံတွေ့နေရကြောင်း၊ ခရီးသည်များမှာ အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရပါတယ်။
ဝိုင်ဘီအက်စ် ယာဥ်လိုင်းစီးနင်းသူအများအစုက စက်ရုံ၊ အလုပ်ရုံ၊ ကျပန်းလုပ်သားများနှင့် ကျောင်းသား၊ ကျောင်းသူများသာ စီးနင်းနေကြခြင်းဖြစ်ပြီး ယခုကဲ့သို့ အုပ်စုဖွဲ့လုယက်မှုအပေါ် ခရီးသည်များက စိုးရိမ်ပူပန်မှုများရှိလာခဲ့ကြောင်း သိရပါတယ်။