မန်စီးတီးမှာ ပွဲတိုင်းကျော် ပါဝင် ကစားနေရတဲ့ အသင်းသားက ပင်ပန်းလွန်းလို့ နားချင်ကြောင်း ဖွင့်ဟလာ
မန်စီးတီး ကွင်းလယ် ကစားသမားရိုဒရီက ၂ ကြိမ်ဆက် ဆုဖလား ၃ လုံး ချန်ပီယံဖြစ်ရေး တိုက်ပွဲဝင်နေတဲ့ ရာသီသိမ်း အဆုံးအဖြတ်ကာလအတွင်းတွင် ခေတ္တ အနားယူရန် လိုအပ်နေကြောင်း ပြောကြားလာပါတယ်။
အသက် ၂၇ နှစ်ရှိ ရိုဒရီဟာ အင်္ဂါနေ့တုန်းက မက်ဒရစ်တွင် ရီးရဲလ်မက်ဒရစ်နှင့် ၃ ဂိုးစီသရေကျတဲ့ပွဲစဉ်တွင် ပါဝင် ကစားပြီးနောက် ယခုရာသီ ပြိုင်ပွဲအရပ်ရပ် ၄၁ ပွဲအထိ ကစားထားပါတယ်။
မန်စီးတီးဟာ ယခု ဧပြီလအတွင်းတွင် ၈ ပွဲကစားရမှာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နှင့်ပွဲမှာ ၃ ပွဲမြောက်ပွဲ ဖြစ်ပါတယ်။
စပိန်လက်ရွေးစင်ကစားသမားက “အနားယူဖို့ လိုနေတယ်။ ဆွေးနွေးမှု ဘယ်လို ဖြစ်လာမလဲ ကြည့်ရဦးမယ်။ အခြေအနေကိုလည်း ကြည့်ရမယ်။ တခါတလေ ဒီလိုမျိုးပါပဲ။ နည်းနည်းထိန်းညှိဖို့ လိုနေတယ်။ အနားယူဖို့က အစကတည်းက စီစဉ်ထားပြီးသားပါ”လို့ ပြောကြားသွားပါတယ်။

ရီးရဲလ်မက်ဒရစ်နှင့်ပွဲတွင် သရေကျပြီးနောက် မန်စီးတီးဟာ ရိုဒရီ ကစားတဲ့ပွဲများတွင် မရှုံးနိမ့်ထားတာ ၆၆ ပွဲရှိပြီဖြစ်ပါတယ်။ ရက်အားဖြင့် ၄၂၉ ရက် ရှိပြီလည်း ဖြစ်ပါတယ်။
အက်သလက်တီကိုကစားသမားဟောင်းဟာ ဒီရာသီမှာ ၃၄၉၇ မိနစ်ကစားထားပြီး ယခုရာသီတွင် ဥရောပထိပ်သီး လိဂ်ကြီး ၅ ခုတွင် ၂၃ ဦးမြောက် ပွဲချိန်အများဆုံးကစားထားသူ အဖြစ် ရပ်တည်နေပါတယ်။
ဒါပေမဲ့ သူ့ထက် ပွဲထွက်ကစားထားတာ ၃ ဦးတည်းသာ ရှိပြီး ၂ ဦးမှာ ဂိုးသမား ဖြစ်ပါတယ်။ ရိုဒရီဟာ ယခုရာသီတွင် ပွဲပယ်ပြစ်ဒဏ်ကြောင့် ရှုံးပွဲ ၄ ပွဲကြုံတွေ့ထားပြီး ယင်း ၄ ပွဲလုံး မန်စီးတီး ရှုံးပွဲကြုံထားပါတယ်။
မန်စီးတီးဟာ စနေနေ့မှာ လူတန်နှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်အား ဧည့်ခံကစားရပါမယ်။
