ရန်ကုန်တွင် လျှပ်စစ်မီး မမှန်သော်လည်း မီတာခတွေ ၂ ဆ၊ ၃ ဆ နီးပါး ပိုမို ပေးဆောင်နေရပါပြီ

ယခုနှစ်နွေဝင်လာသည့် မတ်လလယ်ပိုင်းမှစတင်ပြီး ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်မှုများ ဆိုးရွားနေသော်လည်း လစဉ်မီတာခကျသင့်ငွေမှာ ယခင်ကထက် ပိုမိုများပြားလာကြောင်း မြို့နေပြည်သူများက ပြောသည်။

ရန်ကုန်တွင် ယခုနွေရာသီကာလအတွင်း လျှပ်စစ်မီးကို နံနက် ၉၊ မွန်းလွဲ ၁ နာရီ လာ/ပျက်ပုံစံ မြို့နယ်အလိုက် အချိန်ပိုင်းဖြင့်‌ပေးနေသော်လည်း လာချိန်ပြတ်ချိန် မမှန်ဘဲ ပြတ်ချိန်ပိုမိုများပြားနေကြောင်း မြို့ခံများက ဆိုသည်။

“မီးက ဥပမာ ၉ နာရီလာရမယ်ဆို လာတယ်။ ၉ နာရီ ၁၅ (မိနစ်)ဆို ပြန်ပြတ်ရော။ အဲဒါ ၁ နာရီကျလည်း ဖြတ်ဦးမှာလေ။ အဲဒီဖြတ်ခါနီးမှပြန်လာတယ်။ ပြီးရင် ၁ နာရီလည်းပြတ်တယ်။ အဲဒီတော့ ထမင်းဟင်းချက်၊ တခြားမီးနဲ့အလုပ်လုပ်ရတဲ့သူတွေ ဘယ်လိုမှအဆင်မပြေဘူး” ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

မီးပြတ်သော်ညား မီတာခများမှာ မီးအပြတ်မများခဲ့သည့် မိုးတွင်းပိုင်းကာလများကထက် နှစ်ဆ၊ သုံးဆနီးပါး ပိုမိုပေးဆောင်နေရကြောင်း ဆိုကြသည်။ အထူးသဖြင့် ဧပရယ်လအတွင်း ဆောင်ရတဲ့ မတ်လရဲ့ မီတာခတွေဟာ ယခင်လတွေထက်စာရင် သိသိသာသာ များပြားလာသည်။

“မီးကသာ မလာတာဗျာ။ မီတာခက မီးလာချိန်၊ ပြတ်ချိန် မှန်မှန်ရတဲ့ကာလတွေကမှ သုံးသောင်းလောက်ဆောင်ရတာကို။ အခုတစ်နေ့လုံးနေမှ နှစ်နာရီ၊ သုံးနာရီလောက်ပဲလာတဲ့လတွေကျ ခြောက်သောင်းကျော်၊ ခုနစ်သောင်းလောက်ဖြစ်နေတယ်” ဟု လှိုင်သာယာမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ဒါနဲ့ပတ်သက်လို့ လျှပ်စစ်နဲ့နီးစပ်သူ တစ်ဦးကတော့ မီးလာချိန်မှာ နေအိမ်တွေရဲ့ ပန်ကာနဲ့ အဲကွန်း ဖွင့်မှုတွေကြောင့် မီတာခ ပိုတက်လာတာဖြစ်ကြောင်း မှတ်ချက်ပေးထားပါသည်။

ထို့ပြင် အသေးစားလုပ်ငန်းများမှာလည်း လျှပ်စစ်မီးမမှန်သည့်အတွက် ပိတ်သိမ်းရမည့်အခြေအနေအထိ ဖြစ်လာနေသည်ဟု ယင်းလုပ်ငန်းများထံမှ သိရသည်။

“မီးကပုံမှန်မလာတော့ မီးစက်နှိုးလုပ်နေရတယ်။ မီတာခကလည်း မီးပုံမှန်လာတဲ့လတွေကထက် ပိုများနေတယ်။ နောက်ပြီး မီးစက်နဲ့လုပ်ရတာကလည်း ဆီဈေးကများ၊ အလုပ်သမားစရိတ်နဲ့ ဘာနဲ့။ လုပ်ရင်းရှုံးနေတာပေါ့” ဟု ရန်ကုန်မြို့က မုန့်ဖုတ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ဧပြီ ၁၀ ရက်မှ ၁၇ ရက်နေ့အထိ ရန်ကုန်တိုင်းသို့ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့နေသော ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မည်ဖြစ်သည့်အတွက်ဟုဆိုကာ လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်ဦးမည်ဟု ရန်ကုန်တိုင်းလျှပ်စစ်ကော်ပိုရေးရှင်း (YESC)က ထုတ်ပြန်ထားသည်။