ဖိုက်စတား ခြေစွမ်းနဲ့ အတူ လူတန်ကို ၅ ဂိုး သွင်းပြီး ဇယားထိပ် နေရာကို သိမ်းပိုက်လိုက်တဲ့ မန်စီးတီး

စနေနေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်စီးတီးနဲ့ လူတန်တို့ရဲ့ပွဲစဉ်မှာ အိမ်ရှင်တွေက ၅-၁ နဲ့ ဂိုးပြတ် အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၂ မှတ်အသာနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ တနင်္ဂနွေညမှာတော့ အာဆင်နယ်နဲ့ လီဗာပူး အသင်းတို့ ပွဲစဉ်တွေ ရှိနေသေးပြီး ထိုပွဲတွေ ပြီးရင်တော့ ဇယားထိပ် အပြောင်းအလဲ ပြန်ဖြစ်နိုင်ပါသေးတယ်။
ညက ပွဲမှာ ပထမပိုင်း စစချင်း ၂ မိနစ်မှာပဲ ဟာရှိုကာက ဟာလန်းရဲ့ နောက်ပြန်ကန်ချက်ကို ပိတ်ဆို့ခဲ့ရာမှာ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့ပြီး မန်ချက်စတာစီးတီးတို့ ဦးဆောင်ဂိုး စတင် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးတို့က ပထမပိုင်းတစ်ပိုင်းလုံး ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူပြီး ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့်လည်း ကာမင်းစကီးက လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် နောက်ထပ် ဦးဆောင်ဂိုးတွေ မရခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာလည်း မန်စီးတီးတို့ကပဲ အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ၆၄ မိနစ်မှာ ကိုဗာချစ်က အယ်လ်ဗာရက်ဇ် ဒိုကုနဲ့ ဝမ်းတူးရိုက်ပြီး ပေးပို့လိုက်တဲ့ဘောလုံးကို မြေမကျဘော ကန်သွင်းယူပြီး နောက်ထပ် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
၆၆ မိနစ်မှာ လူတန်တို့ ချေပဂိုး သွင်းယူနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေကို ရောက်ရှိခဲ့ပြီး ဝုဒ်ရိုးရဲ့ ကန်ချက်က ဂိုးဘားတန်းထိပြီး ထွက်သွားခဲ့တာကြောင့် ဂိုးရရှိမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တာ ဖြစ်ပြီး ဒီဂိုးကန်သွင်းချက်က ပွဲစဉ်အတွင်း ပထမဆုံး ဂိုးပေါက်ကန်သွင်းမှုလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။
၇၅ မိနစ်မှာတော့ ပင်နယ်တီဧရိယာထဲကို ပြေးဝင်ခဲ့တဲ့ ဒိုကုကို လူတန်နောက်ခံလူ အွန်ယဲဒီမာက လှဲချခဲ့တာကြောင့် ဒိုင်လူကြီးက မန်စီးတီးကို ပင်နယ်တီပေးခဲ့ပြီး ဟာလန်းက အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
နောက်ထပ် ၇ မိနစ်အကြာမှာ လူတန်တို့ ချေပဂိုး တစ်ဂိုး ပြန်လည်ရရှိခဲ့ပြီး ပင်နယ်တီဧရိယာအပြင်ဘက်မှာ ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးသွားခဲ့တဲ့ နူးနက်စ်ဆီက ရခဲ့တဲ့ ဘောလုံးကို ဘာကလေက ပင်နယ်တီဧရိယာထဲ ဆွဲပြေးပြီး ဂိုးအောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
နောက်ထပ် ၅ မိနစ်အကြာမှာ ဒိုကုက ဂဗာဒီယောလ်ပေးပို့လိုက်တဲ့ ဘောလုံးကို လူတန်နောက်ခံလူတွေကို တကိုယ်တော်အစွမ်းနဲ့ ဖြတ်ကျော်ပြီး ဂိုးအောက်ထောင့်ထဲကို ဝိုက်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ပွဲပြီးဆုံးလို့ နာကျင်အချိန်ပို ၉၀+၃ မိနစ်မှာ မန်စီးတီးအတွက် ပဉ္စမမြောက်နဲ့ နောက်ဆုံးသွင်းဂိုးကို ဂဗာဒီယောလ်က ဒိုကုရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ဂိုးအပေါ်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးဟာ လူတန်ကို ၅-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် တနင်္ဂနွေနေ့ည အက်စတန် ဗီလာနဲ့ ကစားသွားမယ့် အာဆင်နယ်ရဲ့အထက် ၂ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။