၁၁၂ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ပဟေဠိ ဆန်ဆန် ကမ္ဘာကျော် Titanic သင်္ဘောကြီး နစ်မြုပ်မှု အကြောင်း

Titanic သင်္ဘောကြီးဟာ ၁၉၁၂ ခုနှစ် ဧပြီလ ၁၄ ရက်နေ့မှာ ပင်လယ်ထဲတွင်ရေခဲတောင်နှင့် တိုက်မိခဲ့ပြီး နစ်မြုပ်ခဲ့ပါတယ်။ ယနေ့ ဧပြီလ ၁၄ ရက်နေ့ဟာ တိုက်တန်းနစ် သင်္ဘောကြီး နစ်မြုပ်ခြင်း ၁၁၂ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။

ထိုစဉ်က ကမ္ဘာ့အကြီးဆုံး သမုဒ္ဒရာသွား ဇိမ်ခံသင်္ဘောကြီးဖြစ်တဲ့ Titanic သင်္ဘောကြီးဟာ နယူးဖောင်လန်အနီးတွင် ပင်လယ်ထဲမျောပါနေသည့် ရေခဲတောင်နှင့် တိုက်မိခဲ့ပြီး စတင်နစ်မြုပ်ခဲ့ပါတယ်။ ဧပြီ ၁၅ ရက်အကူး စောစောနာရီတွင် ထိုသင်္ဘာကြီး စုန်းစုန်းနစ်မြုပ်ခဲ့ရပါတယ်။

Titanic ရဲ့ နစ်မြုပ်ချိန်ဟာ ၂နာရီနဲ့ မိနစ် ၄၀ လောက်ကြာမြင့်ခဲ့ပြီး လူပေါင်း ၁,၅၀၀ ကျော်လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ရေကြောင်းသမိုင်းမှာ အသေအပျောက်အများဆုံး ဖြစ်ရပ်ဆိုးကြီးတွေထဲက တစ်ခုအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

သမိုင်းမှတ်တမ်းတွေအရ Titanic မှာ ပင်လယ်ထဲမှာမျောနေတဲ့ ရေခဲကျောက်တောင်တွေအကြောင်း သတိပေးချက် ၆ ခုလောက်ကို ဧပြီလ ၁၄ ရက်လောက်တည်းက ရရှိခဲ့ပေမယ့် အရှိန်အမြင့်ဆုံးလောက်နဲ့ ဆက်ခုတ်မောင်းခဲ့လို့ ရေခဲတောင်ကို တွေ့ချိန်မှာ ပြန်ကွေ့ဖို့ရာ မစွမ်းသာဘဲ တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ဒီလို တိုက်မိခဲ့တဲ့အတွက် သင်္ဘောမှာ ရှိတဲ့ အခန်း ၁၆ ခန်းထဲက အခန်း ၆ ခန်းကျိုးပျက်ပြီး ရေတွေဝင်လာခဲ့တာ ဖြစ်ပါတယ်။ Titanic ဟာ သူ့ရဲ့ အကန့်တွေထဲက ၄ ကန့်လောက်နစ်မြုပ်သွားရင်တောင် ရေပေါ်မှာ ပေါ်နေအောင် ဒီဇိုင်းထုတ်ခဲ့တာ ဖြစ်ပေမယ့် ၆ ကန့်လောက် ပျက်စီးသွားတဲ့အခါမှာတော့ မတတ်နိုင်တော့ဘဲ သင်္ဘောကို စွန့်ခွာရပါတော့တယ်။

သင်္ဘောက မခွာခင်မှာ အနီးအနားတစ်ဝိုက်က သင်္ဘောတွေဆီ Radio Message တွေ ပေးပို့ခဲ့သလို မီးကျည်တွေလည်း ပစ်လွှတ်ခဲ့ပါသေးတယ်။ Titanic ရဲ့ အသက်ကယ်လှေစနစ်ဟာ အနီးအနားက သင်္ဘောဆီကို လူတွေကို အခေါက်ခေါက် အခါခါ သယ်ပို့ဖို့သာ စီစဉ်ထားခဲ့တဲ့ စနစ်ဖြစ်တဲ့အတွက် လူတွေ အများကြီးကို အကြာကြီး တင်ထားနိုင်ဖို့ မဟုတ်ခဲ့ပါဘူး။

နောက်ထပ် အသေအပျောက်များရတဲ့ အချက်ကတော့ ညံ့ဖျင်းလှတဲ့ ကယ်ဆယ်ရေးစီစဉ်ပုံကြောင့် အသက်ကယ်လှေတွေဟာ လူမပြည့်ခင်မှာ ထွက်သွားတဲ့အတွက် လူသိပ်မကယ်နိုင်ခဲ့ပါဘူး။

ရလဒ်အနေနဲ့ သင်္ဘောကြီး နစ်မြှုပ်သွားခဲ့ချိန်မှာ သင်္ဘောပေါ်မှာ ခရီးသည်နဲ့ ဝန်ထမ်း ၁၀၀၀ ကျော်လောက် ကျန်ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့တွေ တော်တော်များများဟာ ရေထဲကို ပြုတ်ကျတဲ့သူက ပြုတ်ကျ၊ ခုန်ချတဲ့သူက ခုန်ချနဲ့ ရေထဲရောက်ပြီး မိနစ်ပိုင်းအတွင်းမှာပဲ ရာသီဥတုအေးတဲ့ဒဏ်နဲ့ သေဆုံးကုန်ကြပါတယ်။

လာကယ်တဲ့ RMS Carpathia သင်္ဘောရောက်ရှိတဲ့ အချိန်ဟာ အခင်းဖြစ်ပြီး ၁နာရီခွဲလောက်အကြာမှ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြီးဟာ ကမ္ဘာတဝန်းလုံးကို ရှော့ခ်ရသွားစေပြီး သင်္ဘောပေါ်မှာ အသက်ကယ်လှေ မလုံလောက်မှု၊ လျော့ရဲတဲ့ စည်းမျဉ်းတွေနဲ့ သင်္ဘောစီးတဲ့ ခရီးသည်တွေကြား ဝယ်ထားတဲ့ အတန်းပေါ်လိုက်ပြီး အဆင့်အတန်းခွဲ၊ မညီမျှတဲ့ကယ်ဆယ်မှုတွေကို သိခဲ့ကြရပါတော့တယ်။

နောက်ဆက်တွဲ စုံစမ်းထောက်လှမ်းမှုတွေနဲ့ အစီရင်စာခံတွေဟာ ရေကြောင်းလောကစည်းမျဉ်းစည်းကမ်းပြောင်းလဲမှုတွေဆီ ဦးတည်စေခဲ့ပြီး ၁၉၁၄ ခုနှစ်မှာတော့ International Convention for the Safety of Life at Sea (SOLAS) ကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။

Titanic နစ်မြုပ်တဲ့အကြောင်းကို နောက်ခံထားပြီး ၁၉၉၇ ခုနှစ်မှာ ထွက်ပေါ်လာတဲ့ Titanic ရုပ်ရှင်ဟာ ကမ္ဘာပေါ်မှာ ရုံဝင်ငွေ အများဆုံး ဇာတ်ကားအဖြစ် နှစ်ပေါင်းများစွာ စံချိန်တင်ခဲ့ပါတယ်။

ရုပ်ရှင်နဲ့ ပြင်ပအဖြစ်အပျက်မတူညီချက်တွေကတော့

၁။ ရုပ်ရှင်ထဲမှာ ပြသလို တတိယတန်းခရီးသည်တွေကို သင်္ဘောနစ်မြုပ်ချိန်မှာ ပိတ်ထားခဲ့ခြင်းမရှိပါဘူး

၂။ Jack ဟာ Rose ရှိတဲ့ ပထမတန်း ညစာစားပွဲကို တက်နိုင်ခဲ့တယ်ဆိုတာ တကယ်တမ်းမှာ မဟုတ်ပါဘူး။ Titanic သင်္ဘောပေါ်မှာ ပထမတန်းနဲ့ တတိယတန်းခရီးသည်တွေဟာ အပြန်အလှန်သွားလည်ခွင့် မရခဲ့ပါဘူး။

၃။ မနစ်မြုပ်နိုင်တဲ့ သင်္ဘောလို့ ခေါ်ခဲ့ကြတာ တကယ်တော့ မဟုတ်ပါဘူး။ ဒါဟာ တကယ်တော့ ယုံတမ်းစကားတစ်ခုဖြစ်ပြီး သင်္ဘောပိုင်ရှင်ဖြစ်တဲ့ White Star Line ကတော့ သူတို့ အနေနဲ့ ဒီသင်္ဘောကို ဒါမျိုးတစ်ခါမှ မကြေညာခဲ့ပါဘူးတဲ့။

၄။ ရုပ်ရှင်ထဲက Titanic သင်္ဘောပျက်ရဲ့ ပုံရိပ်အများစုက အစစ်တွေ ဖြစ်ပါတယ်။ ဒါရိုက်တာ James Cameron ဟာ တိုက်တန်းနစ်သင်္ဘောပျက်ရဲ့ ပုံတွေ ရဖို့ မြောက်အတ္တလန္တိတ်သမုဒ္ဒရာအောက် ပေပေါင်း ၁၂၅၀၀ ကျော်ကို ၁၂ ကြိမ်လောက်ငုပ်ပြီး Video တွေ ရိုက်ယူခဲ့တာ ဖြစ်ပါတယ်။

၅။ Titanic ပေါ်က သံစုံတီးဝိုင်းဟာ သင်္ဘောနစ်မြုပ်နေတဲ့အချိန် ဆက်လက်တီးခတ်နေတယ်ဆိုတာလည်း အမှန်ပါပဲ။ ဝိုင်းတော်သားတွေ အားလုံးဟာ သင်္ဘောနစ်မြုပ်ရာမှာ သေဆုံးခဲ့ကြပါတယ်။