ညာခြေတစ်ပေါက် လျှမ်းလျှမ်းတောက်နေတဲ့ မန်စီးတီး အသင်းသား အား လူတန်နဲ့ ပွဲအပြီး ချက်ချင်းချီးကျူးခဲ့တဲ့ ပက်

မန်စီးတီး နည်းပြ ပက်ဂွါဒီယိုလာက ယမန်နေ့‌ညက လူတန်တောင်းကို ၅-၁ နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် ပွဲသိမ်းအနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ အသင်းရဲ့နောက်ခံလူ ဂါဗာဒီအော အား ချီးကျူးစကားဆိုခဲ့ပြီး ကစားသမားက ဘာကြောင့် အခုလိုတိုးတက်လာခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။

မန်စီးတီးဟာ ပထမပိုင်းမှာ လူတန်နောက်ခံလူ ဟာရှီအိုကာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ‌စောစောစီးစီး ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း ကိုယ်ပိုင်ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ကျောက်‌ဆောင်ကြီးလိုမာကျောလှတဲ့ လူတန်ရဲ့နောက်တန်းကို ထိုးဖောက်ရင်းသာ အချိန်ကုန်ခဲ့ရပါတယ်။

သို့သော် ဒုတိယပိုင်းမှာတော့ မန်စီးတီးရဲ့ ပုံစံအမှန်ကိုမြင်တွေ့ခဲ့ရပြီး အနိုင်ဂိုးတွေကို ဆက်တိုက်ဆိုသလိုရရှိခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ နည်းပြ ဂွါဒီယိုလာက “ဒီပွဲမှာ ကျွန်တော်တို့ပြုလုပ်နိုင်ခဲ့တဲ့ ချိတ်ဆက်မှုတွေက တကယ်ကိုကောင်းမွန်ပါတယ်။ ဂါဗာဒီအော ရဲ့ ညာခြေတစ်ပေါက်က အံ့မခန်းပါပဲ။ သူက တိုက်စစ်ပိုင်းကို လိုက်ပါလာပြီဆိုရင် ညာခြေကိုသုံးရတာ ပိုပြီးယုံကြည်မှုရှိနေတဲ့ပုံပါပဲ။

အခုချိန်မှာတော့ သူက ဘောလုံးမဆုံးရှုံးတဲ့ ပိုကောင်းတဲ့ကစားသမားဖြစ်လာပါပြီ။ စရောက်ရောက်ချင်းတုန်းကတော့ ဘောလုံးသိပ်မကိုင်နိုင်ခဲ့ပါဘူး။ ဂါဗာဒီအော နဲ့ ကိုဗာဆစ်တို့ အရမ်းကောင်းခဲ့ပါတယ်။ အသင်းမှာ ကစားသမားတိုင်းကိုဂိုးသွင်းခွင့်ပေးထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ယခုနိုင်ပွဲကြောင့် မန်စီးတီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ထိပ်ဆုံးကနေပြန်လည်ဦးဆောင်လိုက်ပြီး တနင်္ဂ‌နွေနေ့ပွဲစဉ်တွေမတိုင်ခင် လီဗာပူးနဲ့ အာဆင်နယ်တို့ကို ၂ မှတ်စီဖြတ်တောက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီ တနင်္ဂနွေနေ့မှာ‌တော့အာဆင်နယ်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်နေတဲ့ အက်စတွန်ဗီလာနဲ့ ထိပ်တိုက်တွေ့ဆုံနေပြီး လီဗာပူးကတော့ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်း အန်ဖီးလ်မှာလက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။