မန်စီးတီးကတော့ ချန်ပီယံ ဖြစ်ဖို့ ဖိအားတွေကြားကနေ ဖောက်ထွက်ရတာမျိုးမှ ကြိုက်တာ လို့ ပက် ကြွေးကြော်

ပြိုင်ဘက် နှစ်သင်း ပရီးမီးယားလိဂ် ချန်ပီယံလမ်းကြောင်းမှာ ခြေလှမ်း တစ်ကွက်မှားသွားချိန် ချန်ပီယံ သမ္ဘာ ရှိနေတဲ့ မန်စီးတီးကတော့ အခွင့်ကောင်းယူကာ ဇယားထိပ် ရောက်သွားခဲ့ပါပြီ။

မန်စီးတီး နည်းပြ ပက်ဂွါဒီယိုလာကတော့ သူ့ကစားသမားများမှာ ပရီးမီးယားလိဂ်ချန်ပီယံအတွက် ယှဉ်ပြိုင်မှု ဖိအားအောက်တွင် ကစားရတာ သဘောကျကြောင်း ပြောကြားလာပါတယ်။

မန်စီးတီးဟာ တနင်္ဂနွေနေ့တွင် ချန်ပီယံပြိုင်ဘက် လီဗာပူးနှင့် အာဆင်နယ်တို့ ရှုံးပွဲအသီးသီး ကြုံတွေ့သွားပြီးနောက် ၂ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ်ကို ဦးဆောင်လာပါတယ်။

လက်ရှိ ချန်ပီယံဟာ စနေနေ့တုန်းက လူတန်ကို ၅-၁ ဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပြီး ယခုအခါ သမိုင်းတစ်လျှောက် ပထမဆုံး ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်ဆက် ချန်ပီယံဖြစ်ဖို့ အခြေအနေကောင်းနေပြီ ဖြစ်ပါတယ်။

ဂွါဒီယိုလာက “သူတို့က ဖိအားတွေနဲ့ ကစားရတာ သဘောကျတယ်။ သေရင်မြေကြီး ရှင်ရင်ရွှေထီး အနေအထားမျိုးကို သဘောကျတယ်။ အခုအခြေအနေမျိုးကြောင့် ချန်ပီယံဖြစ်ပြီလို့တော့ ပြောလို့ မရသေးပါဘူး။ သူတို့လည်း ရာသီအကုန်အထိ တိုက်ပွဲဝင်ကြမှာပါ။

ပွဲမတိုင်ခင် တွေ့ဆုံမှုမှာ သူတို့ရဲ့မျက်နှာမြင်ကတည်းက သိခဲ့ရတယ်။ သူတို့ပြင်ဆင်တာ မြင်ရတယ်။ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီလား။ မဖြစ်သေးပါဘူး။ ဒါပေမဲ့ ကျုပ်တို့ ဒီအတွက် တိုက်ပွဲဝင်သွားမယ်”လို့ ပြောကြားသွားပါတယ်။
လီဗာပူးနှင့် အာဆင်နယ်တို့ဟာ တနင်္ဂနွေနေ့တုန်းက အသီးသီး ရှုံးပွဲကြုံခဲ့ပါတယ်။

ကလော့ပ်ရဲ့လီဗာပူးမှာ အိမ်ကွင်းမှာ ပဲလေ့စ်ကို ၁-၀ ဂိုးဖြင့် လည်းကောင်း၊ အာတီတာရဲ့အာဆင်နယ်မှာ စတုတ္ထနေရာမှ ဗီလာကို အမ်းမရိတ်ကွင်းမှာပင် ၂-၀ ဖြင့်လည်းကောင်း ရှုံးနိမ့်ခဲ့ပါတယ်။

ထိပ်ဆုံး ၃ သင်းအကြား ရမှတ် ၂ မှတ်တည်းသာ ကွာဟနေမှုနှင့်အတူ ယခုရာသီ ပရီးမီးယားလိဂ်အတွက် ယှဉ်ပြိုင်မှုက ရာသီသိမ်းရန် ၅ ပွဲသာလိုတော့တဲ့အချိန်တွင် ၁၉၈၈-၉၉ ရာသီနောက်ပိုင်း အပြင်းထန်ဆုံး ဖြစ်နေပါတယ်။

မန်စီးတီးမှာ ယခုအပတ်တွင် အဆုံးအဖြတ်ပွဲ ၂ ပွဲကစားရန် ရှိနေပါတယ်။ ၎င်းတို့ဟာ ဗုဒ္ဓဟူးနေ့မှာ ရီးရဲလ်မက်ဒရစ်နှင့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲကစားရမှာ ဖြစ်ပြီး တနင်္ဂနွေနေ့မှာ ချဲလ်ဆီးနှင့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲကစားရပါမယ်။