စမတ်ဖုန်းစျေးကွက်မှာ Samsung ကျော်တက်တာကို ခံလိုက်ရတဲ့ Apple

၂၀၂၄ ခုနှစ် ပထမသုံးလပတ်မှာ Smartphone ထုတ်လုပ်တဲ့ ကုမ္ပဏီတွေရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို မြင်တွေ့နေရပြီး စျေးကွက်ကို ဦးဆောင်မှုပိုင်း အပြောင်းအလဲ ရှိလာခဲ့ပြီဖြစ်ပါတယ်။

အချက်အလက် သုတေသနကုမ္ပဏီ IDC ကနေ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဇန်နဝါရီလကနေ မတ်လအတွင်းမှာ ကမ္ဘာ့စမတ်ဖုန်းဖြန့်ဖြူးတင်ပို့မှုဟာ ၇ ဒသမ ၈ ရာခိုင်နှုန်း တိုးလာပြီး ဖုန်းအလုံးရေ ၂၈၉ ဒသမ ၄ သန်းအထိ ရှိလာပါတယ်။

ဒီကာလအတွင်း Samsung က ကမ္ဘာ့ဖုန်းဈေးကွက်ဝေစုရဲ့ ၂၀ ဒသမ ၈ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး စမတ်ဖုန်း ထုတ်လုပ်ဖြန့်ဖြူးတင်ပို့မှုမှာ နံပါတ်တစ်နေရာ ရောက်လာတာ ဖြစ်ပါတယ်။

ယခင်က အဆိုပါနေရာကို Apple ရယူထားခဲ့တာဖြစ်ပေမယ့် နာမည်ကျော် Iphone စမတ်ဖုန်း ဖြန့်ဖြူးတင်ပို့မှုဟာ ရာခိုင်နှုန်းကျသွားပြီး နံပါတ် ၁ နေရာကို Samsung က လက်လွှဲယူနိုင်ခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံးသုံးလပတ်မှာ Apple က ရောင်းအားကောင်းခဲ့ပြီး အဲဒီကာလက iphone 15 အသစ်ထွက်တဲ့ ရာသီဖြစ်တာကြောင့် နံပါတ်တစ်နေရာကို Samsung ဆီက လွှဲယူနိုင်ခဲ့တာပါ။ အခုကတော့ Galaxy S24 ဖြန့်တဲ့ရာသီ ဖြစ်တာကြောင့် Samsung က ပြန်သာတာ ဖြစ်ပါတယ်။

နံပါတ် ၃ နေရာမှာ တရုတ်ကုမ္ပဏီ Xiaomi ရှိနေပြီး ဈေးကွက်ဝေစု ၁၄ ဒသမ ၁ ရာခိုင်နှုန်း ရထားပါတယ်။