သင်္ကြန်နှစ်သစ်ကူးကာလမှာ မြန်မာတွေ တကူးတက ယူကြမဲ့ ငရဲ၊ အကုသိုလ်များ
ဒီလို သင်္ကြန် မြန်မာနှစ်သစ်ကူး ကာလမှာ ဘာသာရေးရဲ့ အယူအဆကြောင့် ဖြစ်ဖြစ် သနားတဲ့စိတ်ကြောင့်ဖြစ်ဖြစ် ငါးလွှတ်၊ ငှက်လွှတ်၊ အကောင်အစာကျွေး စသည့်များကို ပြုလုပ်ကြပါတယ်။
အယူအဆလွဲမှားမှုတွေ၊ အသိပညာအားနည်းမှုတွေ၊ နင့်အသက် တခါလွှတ် ငါ့အသက် ဆယ်ခါလွှတ်ဆိုတဲ့အစွဲတွေကြောင့် ဒီလို လုပ်ရပ်တွေက မြန်မာနိုင်ငံရဲ့ ပတ်ဝန်းကျင်ကို ဘယ်လို ထိခိုက်ပျက်စီးစေလဲဆိုတာ တချက် ဖတ်ကြည့်ကြရအောင်ဗျာ ..
ငါးများ လွှတ်ခြင်း

ကျူးကျော် ငါးရံ့၊ ငါးခူ၊ စုပ်ခွက်ငါးတွေက အစားကျူးပြီး အသက်ပြင်းတဲ့ငါးတွေဖြစ်တဲ့အတွက် ပတ်ဝန်းကျင် အကျိုးပြု မျိုးရင်းငါးတွေကို ပြန်စားခြင်း၊ မျိုးရင်းငါးများ၏ နေရာ စားကျက်များကို လုခြင်း၊ အဆမတန် မျိုးပွားခြင်းများ ပြုလုပ်ကြပါတယ်။ ကျူးကျော်တွေကို လွှတ်တာက ငါးလွှတ်တာထက် မျိုးရင်းငါးတွေကို တကူးတက ရွေးချယ်သတ်ဖြတ်တာနဲ့ ပိုတူပါတယ်။
ငါးခူပေါက်၊ တီလားပီးယားပေါက်တွေ လွှတ်တဲ့အခါ ကျူးကျော်ဆိုတာကို ခဏထည့်မတွက်ပဲထားပြီး ငါးအသေး သဘာဝကို အရင်ကြည့်ပါမယ်။ ငါးအသေးလေးတွေက သဘာဝထဲမှာ သူ့တို့ကိုယ်သူတို့ ကာကွယ်တဲ့အနေဖြင့် အုပ်စုလိုက်နေကြပါတယ်။
ငါးပေါက်လေးတွေကို လွှတ်တဲ့အခါ အုပ်စုလိုက် ကာကွယ်မှုမျိုးမရှိတော့တဲ့အတွက် ကန်ထဲမှာ ရှိတဲ့ငါးကြီးတွေက လွှတ်တဲ့နေရာအနီးတဝိုက်မှာတင် လာစောင့်ပြီး ဖမ်းစားတတ်ကြပါတယ်။ ငါးလွှတ်တဲ့ကုသိုလ် မရပဲ ငါးပေါက်လေးတွေကို ငါးကြီးတွေ စားလို့ရအောင် ချကျွေးတဲ့ ကုသိုလ်ကတော့ ရမှာ အမှန်ပါပဲ။
လွှတ်သွားတဲငါးတွေကလည်း ကျူးကျော်ဖြစ်တဲ့အတွက် အရွယ်ကြီးလာတဲ့အခါ မျိုးရင်းတွေကို ဒုက္ခ ထပ်ပေးပါတယ်။
ငှက်များ လွှတ်ခြင်း
ဘုရားမှာ၊ လမ်းမှာတွေ့နေတဲ့ လှောင်အိမ်ထဲက ငှက်လေးတွေ ဒီထဲကို ဘယ်လိုရောက်လာလဲ။
လူတွေ ကုသိုလ်ဖြစ် လွှတ်ဖို့ ငှက်တွေ ဖမ်းရောင်းတဲ့ ဒိုင်တွေ သီးသန့်ရှိပါတယ်။ အဲ့ဒီဒိုင်တွေက ကလေးတွေကို မုန့်ဖိုးပေးပြီး (သို့) လူကြီးတွေကို နေ့စားခပေး ရောင်းခိုင်းပြီး စီးပွားရေးတခုနေနဲ့ လုပ်စားကြပါတယ်။

ငှက်လွှတ်ရင် ကုသိုလ်ရတယ်ဆိုတဲ့ အတွေးကြောင့် အခါကြီးရက်ကြီးတွေမှာ ငှက်လွှတ်ချင်တဲ့သူပိုများလာတယ်။ ငှက်ဖမ်းဒိုင်တွေက လွှတ်ချင်တဲ့သူတွေ အရေအတွက်ကို ကာမိအောင် ပုံမှန် ဖမ်းတဲ့ အရေအတွက်ထက် ပိုဖမ်းရတယ်(အမြတ်လည်း ပိုရတယ်)။ ဆောင်းခိုငှက်တွေ ဖမ်းပြီး နောက်ကျမှ ပြန်လွှတ်မိလို့ ငှက်တွေ ဒုက္ခရောက်တယ်။ လှောင်အိမ်ထဲမှာ ပြွတ်သိပ်နေခဲ့ရလို့ လွှတ်တာနဲ့ မပျံနိုင်တော့ပဲ တခြားငှက်တွေ စားခြင်းခံရတယ်။
လွှတ်တဲ့သူတယောက် ကုသိုလ်ရဖို့အတွက် လွတ်လပ်နေတဲ့ငှက်လေးတကောင်က အရင် ဒုက္ခရောက်ပေးရတယ်ဆိုရင် ကျနော်တို့ တကယ်ရနေတာ ကုသိုလ်ရော ဟုတ်ရဲ့လား..
လိပ်လွှတ်ခြင်း
လိပ်လေးတွေ ဘေးမဲ့လွှတ်မယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဘုရားကန်တွေမှာ လွှတ်ကြတာရော မှန်လား

ဘုရားကန်ဆိုတာ သဘာဝထဲမှာ လွပ်လပ်စွာရှင်သန်နေကြတဲ့ လိပ်လေးတွေရဲ့ ဆိုးဝါးတဲ့ အဆုံးသတ်ပါပဲ။ ကုသိုလ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သဘာဝထဲက လိပ်လေးတွေကို ဘုရားကန်မှာလွှတ်ကြတယ်။
ပုံမှန်သန့်ရှင်းရေးမလုပ်ခြင်း၊ အာဟာရမဖြစ်တဲ့ ပေါင်မုန့် ပေါက်ပေါက်ဆုပ်ပဲစားရခြင်း၊ ကျူးကျော် လိပ်ပါးနီးတွေပြည့်နက်နေတဲ့ခြင်း၊ လိပ်တွေရဲ့ သဘာဝအတွက် ပြင်ဆင်ထားခြင်းမရှိတဲ့ ဘုရားကန်တွေထဲမှာ လွှတ်တဲ့အချိန်ကစပြီး သေဆုံးတဲ့အထိ စိတ်ဖိစီးမှုများနှင့် မျိုးတောင် သဘာသအတိုင်းမ ပွားနိုင်ကြတော့ပဲ သေဆုံးကြရပါတယ်။
လွတ်လပ်နေတဲ့ လိပ်လေးတွေကို တသက်လုံး လှောင်ပိတ်မယ့်နေရာမှာ ထားလိုက်ခြင်းကရော မြင့်မြတ်တဲ့ ကုသိုလ်ပဲလား ..
စဉ်းစားကြဖို့ပါဗျာ..
Wildlife of Myanmar
