ရာသီမကုန်ခင်တည်းက ပရီးမီးယားလိဂ်ဖလားကို လက်မြှောက် အရှုံးပေးလိုက်တဲ့ ဂန်းနားဟောင်းကြီး

ဂန်းနား ဂန္တဝင် ကြီးအီယန် ရိုက်က အာဆင်နယ် နဲ့ လီဗာပူးလ်တို့ တနင်္ဂနွေနေ့မှာ ခြေချော်ခဲ့ကြပြီးနောက် ပရီးမီးယားလိဂ်ဖလား ရဖို့ အတွက် မန်စီးတီးက အရေးအသာဆုံး ရေပန်းအစားဆုံးဖြစ်သွားပြီလို့ ဝန်ခံခဲ့ပါတယ်။
ယာဂန် ကလော့ပ်ရဲ့အသင်းဟာ အန်းဖီးမှာ ခရစ္စတယ် ပဲလေ့စ်ကို ၁-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းကလည်း အမ်းမရိတ်စ်မှာ အက်စတန် ဗီလာကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် စနေနေ့က လူတန်ကို ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာစီးတီးဟာ ရာသီကုန်ဖို့ ၆ ပွဲသာ လိုတော့တဲ့အချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၂ မှတ်အသာနဲ့ ဆက်လက် ဦးဆောင်နိုင်ခွင့် ရရှိသွားခဲ့ပြီဖြစ်ပါတယ်။
အီယန် ရိုက်က အာဆင်နယ် ဖလားရမယ်လို့ ဟောကိန်းထုတ်ခဲ့တာဖြစ်ပြီး အသင်းဟောင်းဆီ ပြန်လာတဲ့ အူနိုင်း အမ်မရီရဲ့အသင်းကို အလွယ်တကူနဲ့ အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ဂွါဒီယိုလာရဲ့အသင်းအနေနဲ့ လက်ကျန် ၆ ပွဲစလုံးမှာ ရှုံးနိမ့်ဖို့ မမြင်တော့တာကြောင့် မန်စီးတီးကပဲ ဆုဖလားရသွားတော့မယ်လို့ အီယန် ရိုက်က ဟောကိန်းထုတ်လိုက်တာဖြစ်ပါတယ်။
“မန်စီးတီးက လီဗာပူးလ်နဲ့ အာဆင်နယ်တို့ ဒီနေ့မှာ ရှုံးနိမ့်သွားလိမ့်မယ်လို့ တွေးခဲ့မှာမဟုတ်ပါဘူး။ စီးတီးက ဒီအခြေအနေကနေ ဘယ်လိုဆက်သွားရမလဲဆိုတာကို သိတယ်။ သူတို့တွေ အခုဆိုရင် တစ်ပွဲလောက် ရှုံးလို့ရနိုင်ပါသေးတယ်။ ဒါပေမယ့် သူတို့တွေ တစ်ပွဲမှ ရှုံးမယ်လို့ မမြင်ပါဘူး။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအတွက် လက်ကျန် ၆ ပွဲထဲမှာ အခက်ခဲဆုံးပွဲစဉ်ဖြစ်လာနိုင်တဲ့ပွဲကတော့ မေလမှာ တော့တင်ဟမ်ဟော့စပါးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲဖြစ်ပေမယ့် အာဆင်နယ်က အရင်သွားပြီး ကစားရမှာဖြစ်ပါတယ်။