ကြေးနီရောင်ကနေ အစိမ်းရောင်ဖြစ်သွားတဲ့ ကမ္ဘာကျော် လေဘာတီရုပ်ထုအကြောင်း

အမေရိကန်ပြည်ထောင်စုတွင်သာမက ကမ္ဘာတစ်ဝှမ်းလုံးရှိ လွတ်လပ်မှုနှင့် တန်းတူညီမျှမှုဆိုင်ရာ သင်္ကေတဖြစ်တဲ့ လေဘာတီရုပ်ထုကို အားလုံးနီးပါးတွေဖူးမြင်ဖူးကြမယ် ထင်ပါတယ်။ ဒီလေဘာတီရုပ်ထုကြီး နဲ့ ဆိုင်တဲ့ ဗဟုသုတ တချို့ကို မိတ်ဆွေများအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်။
လေဘာတီရုပ်ထုကြီးဟာ အမေရိကန် နယူးယောက်ဆိပ်ကမ်း လေဘာတီကျွန်းမှာ တည်ရှိပါတယ်။ လစ်ဘာတီရုပ်တုဟာ ရွှေ့ပြောင်းအခြေချသူများ၊ နည်းလမ်းအမျိုးမျိုးနဲ့ ပင်လယ်ရပ်ခြားမှ ရောက်ရှိလာသူများကို ကြိုဆိုတဲ့ မျှော်လင့်ချက် သင်္ကေတတစ်ခုအဖြစ် ယူဆကြပါတယ်။
ဒီရုပ်တုရှိရာ ကျွန်းရဲ့ပထမအမည်က Bedloe ဖြစ်ပြီး ၁၉၅၆ခုနှစ်မှ လေဘာတီကျွန်းလို့ ပြောင်းလဲသတ်မှတ် လိုက်တာဖြစ်ပြီး လေဘာတီရုပ်တု (Liberty Statue) ရဲ့ နာမည်အပြည့်အစုံက Liberty Enlightening the World ဖြစ်ပါတယ်။
လေဘာတီရုပ်ထုကို ဒီဇိုင်းထုတ်သူမှာ ပြင်သစ် ဗိသုကာပညာရှင် Frédéric Auguste Bartholdi ဖြစ်ပြီး တည်ဆောက်သူ ကတော့ အီဖယ်တာဝါတည်ဆောက်သူ Gustave Eiffel ပဲ ဖြစ်ပါတယ်။
ဒီရုပ်ထုကြီးကို အမေရိကန်လွတ်လပ်ရေးကြေညာ စာတမ်း နှစ်တရာပြည့် အထိမ်းအမှတ်အဖြစ် ပြင်သစ်ကလက်ဆောင် ပေးခဲ့တာပဲ ဖြစ်ပါတယ်။ လေဘာတီရုပ်ထု အစိတ်အပိုင်းစုစုပေါင်း ၃၅၀ ခန့်ကို အမေရိကန် သင်္ဘောများဖြင့် နယူးယောက် မြို့သို့သယ်ဆောင်ကာ ပြန်လည် တပ်ဆင်ဆောက်လုပ်ခဲ့ပါတယ်။
၁၈၈၅ ခု ဂျွန်လ ၁၇ ရက်နေ့မှာ လေဘာတီ ရုပ်တုကြီးက အမေရိကန် နယူးယောက် ဆိပ်ကမ်းကို ရောက်ရှိခဲ့တာ ဖြစ်လို့ နှစ်ပေါင်း ၁၃၀ ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ စိုက်ထူပြီးစီးလို့ ဖွင့်ပွဲပြုလုပ်ခဲ့တာက ၂၈ ရက် အောက်တိုဘာလ ၁၈၈၆ ခုနှစ်မှာပဲ ဖြစ်ပါတယ်၊
ဦးခေါင်းသရဖူ ၇ ချောင်းဟာ တိုက်ကြီး ၇တိုက် ကို ကိုယ်စားပြုပါတယ်။ တစ်ဖက်က မီးတုတ်ကိုကိုင်ထားပြီး ကျန်တစ်ဖက်ကတော့ ၂၃ ပေကျော်ရှည်တဲ့ အပြားမှာ JULY IV MDCCLXXVI (July 4, 1776) လို့ ရေးထိုးထားပါတယ်။ ဒါဟာ အမေရိကန်ရဲ့ လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။
ခြေထောက်အောက်ခြေမှာတော့ ချိုးဖျက်ထားတဲ့ ချိန်းကြိုးရှိပါတယ်။ ဒါဟာ ဖိနှိပ်မှု ညှင်းပန်းနှိပ်စက်မှုတွေကို ချိုးဖျက်တယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။ ရုပ်တုကြီးကို ကြေးပြားများဖြင့် ပြုလုပ်ထားပြီး ရုပ်တုအမြင့်မှာ ၃၀၇-ပေ ရှိပါတယ်။
၁၉၈၀-ပြည့်နှစ်များမှာ ရုပ်တုကြီးအတွင်းရှိ ရိုးရိုးသံချောင်းများကို သံမဏိစတီးချောင်းများဖြင့် အစားထိုးပြုပြင်ပြီး ပိုမိုခိုင်ခန့် တည်တံ့စေရန် ထိန်းသိမ်းထားခဲ့ပါတယ်။ ရုပ်ထုကိုင်ထားတဲ့ မီးတိုင်ဟာလည်း မူလမီးတိုင် မဟုတ်ဘဲ ၁၉၈၆ခုနှစ်မှာ ကြေးနဲ့ဖန်တီးပြီး ၂၄ကာရက်ရှိတဲ့ ရွှေသုတ်ထားတဲ့ မီးတိုင်နဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။
ဒီရုပ်တုဟာ အစပထမက ကြေးနီရောင်ဖြစ်ပြီး နှစ်တွေကြာလာပြီးမှ ဓါတ်ပြုမှုတွေနဲ့အတူ အစိမ်းရောင်ကို ပြောင်းသွားခြင်း ဖြစ်ပါတယ်။ ရုပ်ထုရဲ့အဓိပ္ပါယ်ကတော့ “ဤ နယ်မြေသို့ဝင်လာသူများသည် ငါ၏ မီးအိမ် အလင်းကြောင့် နွေးထွေးမှုရကာ ငြိမ်းချမ်းသာယာကြပါစေ ” လို့ ဆိုလိုပါတယ်။
၁၉၂၄ ခုနှစ်မှာ အမျိုးသားအမွေအနှစ် အဖြစ် သတ်မှတ်ခံခဲ့ရပြီး ၁၉၈၄ မှာတော့ ကမ္ဘာ့အမွေအနှစ် အဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။