နောက်လူတွေ အတွက် စံချိန်သစ် သမိုင်းသစ် တစ်ခု ရေးထိုးခဲ့ဖို့ ဆန္ဒ ပြင်းပြနေတဲ့ စီးတီးကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗား

မန်စီးတီး ကွင်းလယ် ကစားသမား ဘာနာဒိုဆေးလ်ဗားက မန်စီးတီးမှာ ဖလား ၃ လုံး ချန်ပီယံ ၂ နှစ်ဆက် ဖြစ်ရေးအတွက် စိတ်အားထက်သန်နေပြီလို့ ထုတ်ဖော် ပြောကြားလာပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့နှစ်တုန်းက ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလားနှင့် အက်ဖ်အေဖလားတို့ ဆွတ်ခူးခဲ့ပြီး ယခုနှစ်တွင်လည်း ယင်းဖလား ၃ လုံးချန်ပီယံဘွဲ့ကို ကာကွယ်ရေး လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။

၎င်းတို့ဟာ ယနေ့ညမှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်အား ဧည့်ခံကစားရပါမယ်။ ၎င်းတို့ဟာ ပထမအကျော့တုန်းက ဘာနေဗျူးကင်းမှာ ၃ ဂိုးစီသရေကျခဲ့ပါတယ်။

ဆေးလ်ဗားက “ကျွန်တော်တို့ သမိုင်း စံချိန်သစ် တစ်ခု ဖန်တီးချင်တယ်။ ကျွန်တော်တို့ နှစ်နှစ်ဆက် ဖလား ၃ လုံး ရချင်တယ်။ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်ဆက် ရချင်တယ်။ ချန်ပီယံလိဂ် ၂ ကြိမ်ဆက် ရချင်တယ်။ တကယ်လို့ ဖလား ၃ လုံး နှစ်နှစ်ဆက် ဆွတ်ခူးနိုင်မယ်ဆိုရင် ဒါက တကယ့် သမိုင်းဝင် အမွေအနှစ် ဖြစ်လာပါမယ်။

ဒါပေမဲ့ တစ်ပတ်အတွင်းမှာ ပြိုင်ပွဲအားလုံးကနေ ထွက်ခွာရနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုက်ပွဲဝင်သွားမှာပါ”လို့ ပြောကြားသွားပါတယ်။

မန်စီးတီးဟာ စနေနေ့မှာ ဝင်ဘာလေကွင်းမှာ ချဲလ်ဆီးနှင့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်ပွဲကစားရပါမယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ အပတ်တုန်းက လီဗာပူးနှင့် အာဆင်နယ်တို့ ရှုံးပွဲအသီးသီး ကြုံရပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးသို့ တက်လှမ်း လာခဲ့ပါတယ်။