အိုင်ယာလန်နိုင်ငံမှာ မြွေတစ်ကောင်မှမရှိရတဲ့ အကြောင်းရင်း

ဥရောပတိုက် အနောက်မြောက်ဘက်ပိုင်းမှာတည်ရှိတဲ့ အိုင်ယာလန်နိုင်ငံက ဒဏ္ဍာရီတစ်ခုအရတော့ ငါးရာစုခန့် က ခရစ်ယာန်ဘုန်းတော်ကြီး စိန့်ပက်ထရစ် အိုက်ယာလန်နိုင်ငံကို သာသနာပြုလာရောက်တဲ့အခါ စိန့်ပက်ထရစ်ဟာ အိုက်ယာလန်က မြွေများအားလုံးကို မောင်းနှင်ခဲ့တယ်လို့ သိရပါတယ်။
သိပ္ပံနည်းကျ ဖော်ပြချက်တွေအပေါ် အခြေခံပြီး ၂၀၁၄ ခုနှစ်မှာ National Geographic အဖွဲ့ရဲ့ လေ့လာချက်အရ အိုက်ယာလန်မှာ မြွေတွေဟာ ဘယ်တုန်းကမှ မနေထိုင်ခဲ့ကြောင်းတွေ့ရှိခဲ့ပြီး မြွေတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကိုတောင် မတွေ့ရပါဘူး။
လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာအတွင်း အိုက်ယာလန်မှာ မြွေတွေ မနေထိုင်ခဲ့ဘဲ ဗြိတိန်မှာတောင် အဆိပ်မရှိတဲ့ မြက်လျှောလို Grass Snake၊ အက်ဒါမြွေပွေး (Adder Snake) နဲ့ အဆိပ်မရှိတဲ့ Smooth Snake ဆိုပြီး မျိုးရင်း သုံးမျိုးပဲရှိပါတယ်။
ဗြိတိန်မှာ မြွေရှားတဲ့အတွက် အက်ဒါမြွေပွေးတစ်ကောင်ကို ဒဏ်ရာရအောင်လုပ်မိရင်၊ သတ်ဖြတ်မိရင် ၁၉၈၁ ခုနှစ် Wildlife and Countryside Act ဥပဒေအရ အရေးယူခံရနိုင်ပါတယ်။
လူဝီစီယားနား ဆေးသိပ္ပံတက္ကသိုလ် ဒါရိုက်တာ မာခ်ရိုင်ယန်ကတော့ “အိုင်ယာလန်မှာ မြွေတွေမရှိရတဲ့ အကြောင်းရင်းက အိုက်ယာလန်ရဲ့ ရာသီဥတုဟာ သူတို့အတွက် အရမ်းပြင်းထန်နေလို့ပါ ” လို့ပြောဆိုခဲ့ပါတယ်။
ကမ္ဘာပေါ်ရှိ မြွေမရှိတဲ့ နေရာတွေထဲမှာ အိုက်ယာလန်က တစ်နေရာတည်းမဟုတ်ပါဘူး။ အိုက်စ်လန်၊ ဂရင်းလန်း၊ ဟာဝိုင်အီ၊ နယူးဇီလန်၊ ကနေဒါနိုင်ငံက နေရာတစ်ချို့၊ ရုရှားနိုင်ငံမြောက်ဘက်ပိုင်းနဲ့ အန္တာတိက တိုက်တွေမှာလည်း မြွေတွေမရှိကြပါဘူး။
ဒါ့အပြင် အိုက်ယာလန်လို ၃၂၅၉၅ စတုရန်း မိုင် အကျယ်အဝန်းသာရှိတဲ့ နိုင်ငံမှာ မြွေမျိုးရင်းတွေ များများစားစားမရှိနေနိုင်ပါဘူး။ ဒါဟာ အိုက်ယာလန်မှာ မြွေမရှိရခြင်းရဲ့ အကြောင်းရင်းတစ်ချက်လည်း ဖြစ်ပါတယ်။
အိုင်ယာလန်မှာ တွေ့ရတဲ့ တွားသွားသတ္တဝါဆိုလို့ မြွေတွေလို ခြေမပါတဲ့ ဥရောပတိုက် ပုတ်သင်ငယ် (Slow Worm) တွေပဲရှိပါတယ်။ Celtic Tiger လို့ ခေါ်တဲ့ ၁၉၉၀ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်ကြားကာလမှာဆို တိုင်းတပါးက ဝင်ရောက်လာတဲ့ မြွေကို မွေးနိုင်တာကို ဂုဏ်တစ်ခုအဖြစ်တောင် ယူဆခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း အိုင်ယာလန်နိုင်ငံ စီးပွားရေး ချွတ်ခြုံကျသွားတဲ့အခါ မြွေကျွေးမွေးစောင့်ရှောက်ရတဲ့ စရိတ်ကြီးလွန်းတဲ့အတွက် မြွေသိပ်မမွေးကြတော့ပါဘူး။
စိန့်ပက်ထရစ်က အိုက်ယာလန်က မြွေတွေကို မောင်းထုတ်ခဲ့တယ်ဆိုတာ ပုံဆောင်ချက် သတ်သတ်သာဖြစ်ပြီး စိန့်ပက်ထရစ်ဟာ ရှေးခေတ် ဆဲလ်တစ်လူမျိုးရဲ့ ဘုန်းကြီးတွေနဲ့ မိစ္ဆာဝါဒီတွေရဲ့ မြွေကိုပုံဆောင်တဲ့ အယူဝါဒတွေကို တားဆီးခဲ့တာကြောင့် ဒီဒဏ္ဍာရီ ထွက်လာတာ ဖြစ်တယ်လို့သိရပါတယ်။